နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနဲ့ ကင်တားနား တွေ့ဆုံခဲ့
2011.08.25

(Photo: UNIC Yangon)
HRDP ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးမောင်မောင်လေးက လောလောဆယ် သမတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတာ အပါအဝင်၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အတွက် လမ်းစပွင့်တယ် ဆိုပေမယ့် မသေချာ သေးကြောင်း၊ အသေအချာ ဖြစ်တည်နေတာကတေ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်ကြောင်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ပြန်လည် လွတ်မြောက် မလာသေးတဲ့ အကြောင်း၊ တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့ ကိစ္စ၊ နောက်ဆက်တွဲ အဖြစ် ဒုက္ခသည်တွေ ပြည်ပကို ထွက်ပြေးနေရတဲ့ ကိစ္စ၊ လယ်ယာမြေ အများအပြား သိမ်းဆည်းနေတဲ့ ကိစ္စ၊ အစိုးရနဲ့ ပုဂ္ဂလိက စက်ရုံတွေမှာ အလုပ်သမားတွေရဲ့ အလုပ်ချိန်တွေ ရှည်လျားပြီး နဲပါးလွန်းတဲ့ လုပ်ခလစာနဲ့ လုပ်ကိုင်နေရပေမဲ့ ဖြေရှင်းပေးနိုင်မည့် အဖွဲ့အစည်း တစုံတရာ မရှိတဲ့ အကြောင်းတွေကို ရှင်းလင်း တင်ပြခဲ့ကြောင်း ဦးမောင်မောင်လေးက ပြောပါတယ်။
ခလေးစစ်သား ကိစ္စ၊ ခလေးနဲ့ အမျိုးသမီး အခွင့်အရေး ချိုးဖေါက်ခံရတဲ့ကိစ္စတွေ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ ကိစ္စတွေကိုလည်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီကနေ့ မနက် တွေ့ဆုံခဲ့တဲ့ အထဲမှာ လယ်သမား အရေး ဆောင်ရွက်ပေးနေတဲ့ အိုင်အယ်အိုနဲ့ ဆက်သွယ်သူများ ကွန်ယက်က ဦးသက်ဝေလည်း ပါဝင်ပါတယ်။ ဦးသက်ဝေက သူတင်ပြခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။
"အဓမ္မ လယ်ယာမြေသိမ်းယူတဲ့ ကိစ္စ၊ ကလေးစစ်သား အဓမ္မ စုဆောင်းတဲ့ ကိစ္စ၊ လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်ခွင့်တွေကို ချိုးဖောက်တဲ့ ကိစ္စတွေကို ကျနော် တင်ပြခဲ့ပါတယ်။ အစ္စလာမ် ဘာသာဝင် ဖြစ်တဲ့အတွက် ခရီးသွားလာခွင့်၊ ဝတ်ပြု ကိုးကွယ်ခွင့် ပိတ်ပင်ခံရတဲ့ ကိစ္စတွေ၊ သူတို့ရဲ့ ဘုရားကျောင်း ပလီကျောင်းတွေကို ဖျက်ဆီးတဲ့ ကိစ္စတွေ အဲဒါတွေကို တင်ပြခဲ့ပါတယ်။"
ဒီကနေ့မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံပွဲမှာ လယ်ယာ အသိမ်းခံထားရတဲ့ လယ်သမားတွေ ကိုယ်တိုင်လည်း တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ မစ္စတာ ကင်တားနား အနေနဲ့ သူမြန်မာနိုင်ငံကို လာရောက်တာဟာ လူ့အခွင့်အရေး အခြေအနေတွေ စုံစမ်းဖု့ိ ဖြစ်ပြီး ရရှိတဲ့ အချက်အလက်တွေကို လူ့အခွင့်အရေး ကောင်စီကို တင်ပြ အစီရင်ခံမှာ ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းနဲ့ တွေ့ဆုံ
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီနေ့ နေ့လည်က ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှာ နိုင်ငံရေး အကျဉ်းသားဟောင်း (၄) ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီ ၄ ယောက်ကတော့ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ အလောင်းတွေ ကောက်ယူ သြင်္ဂီုလ်လို့ ထောင်ချခံရပြီး ပြန်လွတ်လာတဲ့ ဒေါက်တာနေဝင်းနဲ့ ဦးအောင်ကျော်ဆန်း၊ ၈၈ မျိုးဆက်အဖွဲ့က ကိုမြတ်သူနဲ့ အဆိုတော် ဇေယျာသော်တို့ဖြစ်ပါတယ်။
သူတို့ရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို မစ္စတာ ကင်တားနားက နားထောင်ခဲ့တယ်လို့ ကိုဇေယျာသော်က ပြောပါတယ်။ သူ့အနေနဲ့ အခြေအနေ အလုံးစုံကို မပြောနိုင်ပေမဲ့ သူကိုယ်တိုင်ရဲ့ ဖြတ်သန်းမှုကို ပြောပြနိုင်ခဲ့တယ်လို့ ကိုဇေယျာသော်က ပြောပါတယ်။
မစ္စတာ ကင်တားနားက သူအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် တတ်နိုင်သမျှ ကူညီမယ့် အကြောင်း ပြောတယ်လို့ သိရပါတယ်။ ဒီအတောအတွင်းမှာပဲ မစ္စတာ ကင်တားနားဟာ မနေ့ မနက်က အင်းစိန်ထောင် သွားရောက် ကြည့်ရှုခဲ့စဉ်က နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ ကိုဖြိုးဝေအောင်၊ ကိုစည်သူဇေယျ၊ ကိုညီညီထွန်း၊ မသိင်္ဂီ၊ ဒေါက်တာတင်မင်းထွတ်၊ ဦးအောင်သိန်း အပါအဝင် စုစုပေါင်း ၇ ဦးကို တဦးချင်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။