မစ္စတာ ကင်တားနားနဲ့ လက်ပံတောင်းတောင် ဒေသ ခံတွေ တွေ့ဆုံ
2014.02.17

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားကို လက်ပံတောင်းတောင် ဒေသခံတွေက ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရမူတွေနဲ့ ပတ်သက် ပြီး ပြည့်ပြည့်စုံစုံ တင်ပြခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ရသူတွေက ပြောပါတယ်။
မစ္စတာ ကင်တားနားက လက်ပံတောင်းဒေသခံ ၅ ဦး ကို မုံရွာမြို့ကိုခေါ်ပြီး တွေ့ဆုံစကားပြောခဲ့တာ ဖြစ် ပါတယ်။ မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခွင့်ရသူ ဝက်မှေးရွာက မသွဲ့သွဲ့ဝင်းက ဒေသခံတွေရဲ့ သပိတ် စခန်း မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံရတဲ့ ကိစ္စအပါအဝင် ဖြစ် ပျက်ခဲ့တာတွေကို ဓါတ်ပုံမှတ်တမ်းတွေနဲ့ တင်ပြနိုင် ခဲ့တယ်လို့ ပြောပါတယ်။
“ကျမတို့အနေနဲ့က လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့အကြောင်းတွေကို ပြောပြတယ်၊ လက်ပံတောင်းတောင်မှာ ပစ်ခတ်ခံရတဲ့ သေနတ်မှန်တဲ့လူတွေရဲ့ ဓါတ်ပုံတွေကိုပေးတယ်”
အလားတူ မစ္စတာ ကင်တားနားနဲ့ တွေ့ခွင့်ရတဲ့ ကံကုန်း၊ တုံအလယ်တော၊ တုံတောကျောင်းနဲ့ ဆည်တဲရွာက ကိုယ်စားလှယ်တွေက ဒေသခံတွေကို ကူညီသူတွေ အဖမ်းခံရတဲ့ကိစ္စအပြင် လယ်ယာမြေ လျော်ကြေးကိစ္စ စတာတွေကို သီးသီးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ တင်ပြချက်တွေကို မစ္စတာကင်တားနားအနေနဲ့ ဘာမှတ်ချက်မှမပေးဘဲ မှတ်သားသွားတယ်လို့ ဆိုပါတယ်။
မစ္စတာ ကင်တားနားဟာ ဒေသခံတွေကို တွေ့ဆုံခဲ့တာအပြင် လက်ပံတောင်းတောင် စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသတွင်း ဝမ်ပေါင်ကုမ္ပဏီက လိုက်ပြတာကိုလည်း ကြည့်ရှုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။