လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံ သွားမည်
2011.08.15

Photo: RFA
မြန်မာနိုင်ငံကို သွားဖို့ သေချာနေပါပြီ၊ ဗီဇာလည်း ရထားပါပြီ၊ အခုလ တတိယပတ် အတွင်း ခရီးစဉ်စတင်နိုင်ပါလိမ့်မယ်လို့ မစ္စတာ ကင်တားနား ပြောပါတယ်။
မစ္စတာ ကင်တားနားက ခရီးစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် မပြောဆိုပေမယ့် အစိုးရ အရာရှိတွေ အပါအဝင် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အထူး အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကြောင့် ခရီးစဉ် အတွင်း တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းသွားမှာပါလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
မစ္စတာ ကင်တားနားဟာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို နောက်ဆုံး အကြိမ် သွားရောက်ခဲ့ပြီးနောက် စစ်အစိုးရက အကြောင်း အမျိုးမျိုးပြပြီး ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးဖို့ အကြိမ်ကြိမ် ငြင်းဆန်နေခဲ့တဲ့ အတွက် သူ့ရဲ့ ခရီးစဉ် ကြန့်ကြာနေခဲ့ရတာ ဖြစ်ပါတယ်။ တနှစ်ခွဲလောက် အကြာမှာ အစိုးရသစ်က ခရီးစဉ်ကို သဘောတူညီ လိုက်တဲ့ အတွက် အခု သွားရောက်မည့် ခရီးစဉ်ဟာ အင်မတန် အရေးကြီးကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။ အခု ခရီးစဉ်ဟာ မစ္စတာ ကင်တားနား အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တာဝန စတင် ထမ်းဆောင်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ (၁) ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံကို (၄) ကြိမ်မြောက် သွားရောက်မယ့် ခရီးစဉ် ဖြစ်ပါတယ်။
အခုလို မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို လာရောက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းမည့် ကိစ္စကို ကြိုဆိုကြောင်း အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။