ပြင်ဦးလွင် လူနေဆိုင်ခန်းတွေ မဖယ်ပေးရင် အင်အားသုံးဖယ်ရှားမယ်လို့ စာပို့လာ

2022.11.13
ပြင်ဦးလွင် လူနေဆိုင်ခန်းတွေ မဖယ်ပေးရင် အင်အားသုံးဖယ်ရှားမယ်လို့ စာပို့လာ ပြင်ဦးလွင်မြို့ ဇီ၀ကလမ်းမပေါ်ရှိဆိုင်ခန်းများကို ၂၀၂၂ ခုနှစ် နို၀င်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးအနီး ဇီဝကလမ်းမပေါ်မှာ ဆောက်လုပ် ထားတဲ့ လူနေဆိုင်ခန်း ၇၆ ခန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးမဖယ်ရှားပါက အင်အားသုံးဖယ်ရှားမယ့်အကြောင်း ပြင်ဦးလွင်မြို့နယ် လမ်းဦးစီးဌာနက အကြောင်းကြား ထားတယ်လို့ ဆိုင်ခန်းမှာနေထိုင်သူတွေက RFA ကို ပြောပါတယ်။

အဲဒီအကြောင်းကြားစာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာမှ ဆိုင်ခန်းနေထိုင်သူတွေဆီ လာရောက်ပေးပို့ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ရမယ့်အချိန် အကန့်အသတ်နည်းတာကြောင့် နေစရာအတွက် အခက်အခဲ ဖြစ်နိုင်တယ်လို့ ဆိုင်ခန်းမှာနေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက အိမ်ခန်းတွေ ချက်ချင်းရှာလို့မရဘူး။ အိမ်ငှားရှာရတာလည်း မလွယ်ပါဘူး။ အင်အားသုံး ဖယ်ရှားမယ်ဆိုရင်လည်း ကျနော်တို့က လမ်းပေါ်ထွက်နေရုံပဲ ရှိတော့မှာ။ ဒီနေရာက နှစ် ၃၀ နေထိုင်ခွင့် ရှိတယ်ဆိုပြီး တိုက်ခန်းအငှားစာရွက်တွေနဲ့ လုပ်ထား တာ။ အခုမှ အနှစ် ၂၀ တောင် မပြည့်သေးပါဘူး။ သူတို့ပြောတာကတော့ လူကြီး လမ်းကြောင်း လာမှာမို့လို့ဆိုပြီးပြောတယ်”

ဆိုင်ခန်းတွေ စတင်ဝယ်ယူချိန်က ကျပ်သိန်း ၁၀၀ ကျော်အထိ ပေးခဲ့ရပြီး အခုလို ချက်ချင်း ဖယ်ရှားခိုင်းတာကြောင့် ဆိုင်ခန်း ၇၆ ခန်းမှာ နေထိုင်သူ ၂၀၀ ကျော်အတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဆိုင်ခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဆိုင်ခန်းမှာနေထိုင်သူတွေအနေနဲ့ ပြောင်းရွှေ့ဖို့ အဆင်မပြေဘူးလို့ အဲဒီဆိုင်ခန်းတွေမှာနေထိုင်တဲ့ နောက်တစ်ဦးက RFA ကို ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်၊ လမ်းဦးစီးဌာနရဲ့ အကြောင်းကြားစာမှာတော့ ဆိုင်ခန်းတွေဟာ ပြင်ဦးလွင်မြို့နယ် လမ်းဦးစီးဌာနပိုင် မြေပေါ်မှာ ဆောက်လုပ်ထားတဲ့အတွက် အခုလ ၁၈ ရက်နေ့မှာ အပြီးသတ်မဖယ်ရှားရင် ၂၅ ရက်နေ့မှာ အင်အားသုံးဖယ်ရှားမယ်လို့ ပါဝင်ပါ တယ်။

ဒီဆိုင်ခန်းတွေ ဖယ်ရှားတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အိုးဘို ရပ်ကွက်ထဲမှာ ဆောက်လုပ်ထားတဲ့ နေအိမ် ၂၅၃ လုံးဟာ မီးရထားဌာနပိုင်မြေထဲ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားပေးလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။