ပြင်ဦးလွင် စည်ကားရွာမှာ မိသားစုဝင်ငါးဦး အသတ်ခံရ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် စည်းကားရွာက ကြက်မွေးမြူရေးခြံမှာ စက်တင်ဘာလ ၁၈ ရက် မနေ့က အသတ်ခံထားရတဲ့ အသက် ၁၂ အရွယ် ကလေးနှစ်ဦး အပါအဝင် မိသားစုဝင်ငါးဦး အလောင်းတွေ တွေ့ခဲ့ရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေး အဖွဲ့ဝင်တွေက ပြောပါတယ်။
သေဆုံးနေသူတွေထဲမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ လေးဦးက စတွေ့ကတည်းက သေဆုံးနေခဲ့တာဖြစ်ပြီး ကလေးတစ်ဦးကတော့ ဆေးရုံကိုပို့တဲ့ လမ်းမှာ သေဆုံးသွားတာလို့ သွားရောက်ကူညီတဲ့အထဲမှာ ပါဝင်တဲ့ လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။
“ မနေ့ကနေ့ခင်းမှာ သက်ဆိုင်ရာကနေ အသင်းကို အကူညီတောင်းလို့ သွားကူညီ ပေးရတယ်။ သေဆုံးသူတွေက ညကတည်းက ဆုံးတာဖြစ်နိုင်တယ်။ ဒဏ်ရာတွေတော့ တွေ့ပေမယ့် ဘာဒဏ်ရာတွေလဲ ဆိုတာတော့ မပြောနိုင်ဘူး။ လည်ပင်းနဲ့ခေါင်းမှာ ဒဏ်ရာတွေတွေ့တာ ”
အလောင်းတွေကို ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးထံ ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူတွေက လုပ်ဆောင်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အသတ်ခံရတဲ့ မိသားစုဝင်တွေနေထိုင်တဲ့ ကြက်မွေးမြူရေးခြံဟာ လူနေအိမ်တွေနဲ့ ဝေးတဲ့ နေရာဖြစ်လို့ ဘာကြောင့် အခုလိုဖြစ်တာလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့ ပြင်ဦးလွင် ဒေသခံတွေက ပြောပါတယ်။