ဒေါ်ခင်ဝင်းသေဆုံးမှု စုံစမ်းဖော်ထုတ်ရေး ပြည်မြို့မှာ ဆန္ဒပြတောင်းဆို


2014.12.26

ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွား တဲ့ ဒေါ်ခင်ဝင်းအမှုကို စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူကို အရေးယူပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်ရှေ့မှာ ဒေသခံ ၅၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဆန်းက တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် တရားခံတွေကို ဖော်ထုတ်ပေးဖို့ အစိုးရမှာတာဝန်ရှိတာကြောင့် အခုလိုတောင်းဆိုတာလို့ ပြောပါတယ်။

"လက်ပံတောင်းတောင် လယ်သမား ဒေါ်ခင်ဝင်း သေတဲ့ကိစ္စနဲ့ ပတ်သက်လို့ လူသတ်မှု တရားခံများဖော်ထုတ်ရေး၊ ပြည်သူ့အကျိုးစီးပွား လုံခြုံဖို့အတွက် အစိုးရတာဝန်ယူရေး၊ တရုတ်ဝန်ပေါင်ကုမ္ပဏီ လုပ်ဆောင်မှုဖျက်သိမ်းရေး၊ မြေသိမ်းလယ်သိမ်း အဓမ္မမှုများချုပ်ငြိမ်းရေး၊ အကြမ်းဖက်လုပ်ရပ်ကို အစိုးရအနေနဲ့ ချက်ချင်းရပ်၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပေါင်ကုမ္ပဏီကို ကာကွယ်ပေးသောအစိုးရ အလိုမရှိဆိုပြီး ကျနော်တို့တောင်း ဆိုပါတယ်"

ဆန္ဒပြပွဲမှာ ပြည်မြို့က အန်အယ်လ်ဒီ ပါတီဝင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်ခဲ့ပါတယ်။

ဒီလ ၂၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ လိပ်ခွံတောင်ခြေအနားက လယ်ယာမြေတွေ မှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးလိုက်ခတ်စဉ် လျော်ကြေးမယူထားတဲ့ ဆည်တည်း၊ တုံရွာနဲ့ မိုးကြိုးပြင်အလယ်ရွာ က တောင်သူတွေကတားမြစ်ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အသက် ၅၇ နှစ် အရွယ် ဒေါ်ခင်ဝင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင်ပဋိပက္ခကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းထားကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။