လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှု ဒေသခံတွေကို ရဲ ခေါ်ယူတွေ့ဆုံ


2018.09.21
dawkhinwin-622 ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လိပ်ခွံတောင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်း ဈာပနမှာ လွမ်းသူ့ ပန်းခွေတွေကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း ရဲသေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့အမှု ပိတ်သိမ်းထားတာကို ပြန်လည်စစ်ဆေးပေးဖို့ သမ္မတ ဦးဝင်းမြင့်ထံကို ဒေသခံတွေက တိုင်ကြားပြီးတဲ့နောက်မှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ဒေသခံ ၁၀ ယောက်ကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သမ္မတရဲ့ ညွှန်ကြားချက်ကြောင့် ဒေသခံတွေကို မနေ့က တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဖြေကြားချက်တွေ ကိုလည်း သမ္မတဆီကို ပြန်တင်ပြပေးမှာဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးက ပြောခဲ့တယ်လို့ အဲဒီလို တွေ့ဆုံရာမှာ ပါဝင်တဲ့ ဒေါ်စန်းနွဲ့က RFA ကို ဒီနေ့ ပြောပါတယ်။

"လူတစ်ယောက်လုံးကို ပစ်သတ်တာတောင်မှ အမှုရုပ်သိမ်းတဲ့အတွက် ဒါကို သမ္မတကြီးဆီကို တိုင်စာပေး လိုက်တဲ့အတွက် သမ္မတကြီးက ဒီအမှုမှန်ကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ရာ ဆားလင်းကြီးမြို့နယ်ကို ပြောတဲ့အတွက် ဆားလင်းကြီး မြို့နယ်မှူးကနေ ခေါ်ယူပြီးတော့ မေးမြန်းပြီးတော့ ကျမတို့ရဲ့ ဖြေကြား ချက်တွေကို သမ္မတကြီးဆီကို ပြန်ပို့ရမယ်လို့ ပြောပါတယ်ရှင်"

ဒေါ်ခင်ဝင်း သေဆုံးရတာနဲ့ ပတ်သက်လို့ သူနဲ့အမျိုးတော်စပ်တဲ့ ဒေါ်ခင်မာအေးနဲ့ ဦးဝင်းကျော်တို့ကို ရဲတပ်ဖွဲ့က မေးမြန်းခဲ့ကြောင်းနဲ့ အဲဒီလို သူတို့ဖြေဆိုတာတွေဟာ မှန်ကန်ကြောင်း တခြားဒေသခံတွေက လက်မှတ်ရေးထိုး ခဲ့ရတယ်လို့ ဒေါ်စန်းနွဲ့က ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့် မုံရွာမြို့ကို သြဂုတ်လ ၁၈ ရက်နေ့က လာရောက်လည်ပတ်ချိန်မှာ ဒေသခံတွေက ဒေါ်ခင်ဝင်း သေဆုံးမှုကို ပြန်လည်စစ်ဆေးပေးဖို့၊ လက်ပံတောင်း စုံစမ်းစစ်ဆေးရေးကော်မတီ အစီရင်ခံစာအတိုင်း တရုတ် ကုမ္ပဏီက မလိုက်နာတာတွေကို စစ်ဆေးပေးဖို့၊ ဝမ်ပေါင်ကုမ္ပဏီက ရေဆိုးတွေ စွန့်ပစ်တာကို စစ်ဆေးပေးဖို့ စတဲ့အချက်တွေအပါအဝင် ဒေသမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို တိုင်စာ ၇ စောင်ရေးသားပြီး သမ္မတထံကို ပေးပို့ခဲ့ကြတာပါ။

ဒေါ်ခင်ဝင်း သေဆုံးမှုကို ခရိုင်ဥပဒေရုံးနဲ့ ခရိုင်ရဲမှူးရဲ့ ညွှန်ကြားချက်ကြောင့်ဆိုပြီး ၂ဝ၁၅ ခုနှစ် သြဂုတ် ၁၂ ရက်နေ့မှာ ဆားလင်းကြီးရဲစခန်းက အမှုပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။