ဒေါ်ခင်ဝင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပ
2015.12.22

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်မှန်သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာမှာရှိတဲ့ ဒေါ်ခင်ဝင်း ရဲ့ နေအိမ်ခြံဝန်းထဲမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၁ နှစ်ပြည့်အဖြစ် လက်ပံတောင်းတောင်နားက လိပ်ခွံတောင်ကို ချီတက်လမ်းလျှောက်ခဲ့ကြ ပြီး ဒေါ်ခင်ဝင်းရဲ့အုတ်ဂူမှာ ပန်းခွေချတဲ့ အခမ်းအနားလည်း ပြုလုပ်ခဲ့တယ်လို့ ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တစ်ဦးဖြစ် တဲ့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။
"နံနက် ၈ နာရီကနေ အခမ်းအနားကို စတင်ကျင်းပခဲ့ပါတယ်၊ ၁ နာရီလောက်မှ အခမ်းအနား ပြီးဆုံးသွားပါတယ်၊ ပြီးတော့ အမေကျဆုံးခဲ့တဲ့နေရာဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ အနီးစပ်ဆုံး လိပ်ခွံတောင်ကို သွားပြီးတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ကျနော်တို့ အဲ့နေရာကို ချီတက်လမ်းလျှောက်ခဲ့ပါတယ်၊ ပြီးတော့ အမေ့အုတ်ဂူကို သွားပြီးတော့ ပန်းခွေချတဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်"
အဲ့ဒီအခမ်းအနားမှာ အဖွဲ့အစည်းအသီးသီးက ပေးပို့တဲ့ သဝဏ်လွှာတွေနဲ့ ကဗျာဆရာတွေက ပေးပို့တဲ့ကဗျာတွေကို ဖတ်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က တာဝန်ရှိသူတွေ၊ သစ်ပင်ချစ်သူများအဖွဲ့၊ မုံရွာနိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ မုံရွာနဲ့ တောင်ငူခရိုင် ဗကသအဖွဲ့ဝင်တွေ၊ မုံရွာလက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ စုစုပေါင်း လူဦးရေ ၃၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
ဒေါ်ခင်ဝင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း လယ်ယာမြေလျော်ကြေးမယူထားတဲ့ ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအကြား ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
အခမ်းအနားနဲ့ ပတ်သက်ပြီး ဒေါ်ခင်ဝင်းရဲ့သမီးကြီး မဝင်းခိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။