ဒေါ်ခင်ဝင်းသေဆုံးမှု ရဲက တရားလိုလုပ် အမှုဖွင့်
2015.04.21
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးမှုကို ဆားလင်းကြီးမြို့မ ရဲစခန်းက ဒုရဲမှူးသန်းနိုင်က တရားလိုလုပ်ပြီး လူသတ်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။
တောင်သူ ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက အမှုဖွင့်တာကို လက်မခံဘဲ ဒုရဲမှူးက အမှုဖွင့်လိုက်တာလို့ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးအောင်သိန်း (မိတ္ထီလာ)က ပြောပါတယ်။
"အရင်တင်တုန်းကတော့ ရှေ့နေများကွန်ရက်ကနေပြီးတော့ အကုန်သိုင်းဝိုင်းပေးပြီးတော့ နစ်နာသူ ဒေါ်ခင်ဝင်း ရဲ့ မိသားစုကိုယ်စား အမှုဖွင့်ဖို့တောင်းတာ၊ အဲ့မှာကျတော့ ရှေ့နေတွေက အကုန်လုံး ပူးပေါင်းဆောင်ရွက် လို့ရတယ်၊ အခုဟာကျတော့ ရဲကတရားလိုပြုလုပ်တယ် ဆိုတဲ့အတွက်ကြောင့်မို့ ရှေ့နေများကွန်ရက်က နစ်နာသူ ဒေါ်ခင်ဝင်းရဲ့ ကိုယ်စားပြုပြီးတော့ ဆောင်ရွက်ဖို့က နည်းနည်းအခက်အခဲ ရှိသွားနိုင်တယ်လေ"
ဒေါ်ခင်ဝင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း လယ်ယာမြေလျော်ကြေးမယူထားတဲ့ ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အကြား ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ခင်ဝင်းဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က အမိန့်ချခဲ့တာကြောင့် ရဲစခန်းက လူသတ်မှုအဖြစ် အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ရှေ့နေများကွန်ရက်က ရှေ့နေ ဦးအောင်သိန်း (မိတ္ထီလာ) ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။