ပြည်က ဝမ်းရောဂါ ကျေးလက်ကို ကူးစက်
2016.07.26

ပဲခူးတိုင်း ပြည်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ နဝင်းရပ်ကွက်က ဒေသခံတွေ ကို နေရာပြောင်းရွှေ့ချထားဖို့ စီစဉ်ပေမယ့် ငြင်းဆန်နေကြတဲ့အတွက် ရပ်ကွက်အတွင်းမှာ သန့်ရှင်းရေး လုပ်ငန်းတွေ ကျန်းမာရေးအသိပညာပေးတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။
နဝင်းရပ်ကွက်မှာ မိုးကြီးပြီး အိမ်ခြေ ၁၀၀ ကျော် ရေနစ်မြုပ်နေတာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်တဲ့အတွက် ဝမ်းရောဂါစဖြစ်တာလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။
"နဝင်းမှာရှိနေတဲ့ ရေနစ်နေတဲ့အိမ်တွေကို ကျန်းမာရေးဌာနက ခဏရွှေ့ပေးဖို့လိုတယ်၊ သန့်ရှင်းပြီးမှ ဒီလူတွေပြန်နေသင့်တယ်ဆိုတဲ့ သဘောမျိုးပြောတယ်လေ၊ သူတို့ကတော့ ကျနော်တို့စီစဉ်ပေးတဲ့ ဘုန်းကြီးကျောင်းတို့ဘာတို့မှာ နေဖို့ဆန္ဒမရှိဘူး၊ ကျနော်တို့က ရေနစ်နေတဲ့နေရာတွေကို တပ်မတော် စစ်သားတွေ၊ အဖွဲ့အစည်းတွေနဲ့ ဝိုင်းပြီးတော့ ရေကိုစုပ်ထုတ်ဖို့လုပ်နေပါတယ်"
မြို့ပေါ်ရပ်ကွက်တွေက သောက်သုံးရေတွင်းတွေ၊ အိမ်သာတွေပါ ရေနစ်မြုပ်ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ပျံ့နှံ့လာတာဖြစ်ပါတယ်။
ဝမ်းရောဂါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်မြို့က ကုတင် ၅၀၀ ဆံ့ ဆေးရုံမှာ လူ ၁၀၀ ကျော် ဆေးကုသခံခဲ့ရပြီး တစ်ဦးသေဆုံးခဲ့ကာ အခုဆိုရင် ဆေးရုံမှာ ၃၇ယောက် ကျန်ရှိနေပါတယ်။
ရောဂါစဖြစ်ပွားတဲ့နေရာမှာ ရောဂါပျံ့နှံ့မှု မရှိတော့ပေမယ့် တခြားကျေးရွာတွေကို ကူးစက်နေတဲ့အတွက် ပြည် ခရိုင်ကျန်းမာရေးဦးစီးဌာနတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှုးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ရောဂါဖြစ်ပွား တဲ့ နေရာတွေမှာ အသိပညာပေးတာတွေ၊ ရေတွေမှာ ကလိုရင်းခတ်တာတွေ ၊ ရေသန့်ဖြန့်ဝေပေးတာတွေ လုပ်ပေးနေတာဖြစ်ပါတယ်။
ပြည်မြို့မှာ ရောင်းချနေတဲ့ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်၊ ဝက်သားထုတ်ထိုးဆိုင်နဲ့ ဝမ်းနူးစာ အရောင်းဆိုင်တွေကို ယာယီပိတ်ဖို့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြီးခဲ့တဲ့နှစ်ရက်လောက်က ညွှန်ကြားထားပါတယ်။
ပဲခူးတိုင်း ပြည်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားတဲ့ ရပ်ကွက်တွေမှာ ထပ်မံမကူးစက်တော့ပေမယ့် တခြားကျေးရွာတွေအထိ ပျံ့နှံ့နေတယ်လို့ ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။