ပြည်မြို့မှာ အသံချဲ့စက် သုံးခွင့်မရှိ လို့ ထုတ်ပြန်
2016.09.29

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ အလှူခံသူတွေအနေနဲ့ အသံချဲ့စက်တွေအစား ဆောင်းဘောက်တွေကိုသာ အသုံးပြုဖို့ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကနေ စာထုတ်ပြန် တားမြစ်လိုက်ပါတယ်။
မြို့တွင်းလှည့်လည်အလှူခံရာမှာ အသံချဲ့စက် အသုံးပြုခွင့်မပေးဘဲ ဆောင်းဘောက်ကိုပဲ အသုံးပြုခွင့် ပေးတယ် လို့ ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဒေါက်တာစစ်အောင်လတ်က ပြောပါတယ်။
"ခွင့်မပြုတာ မဟုတ်ဘူး၊ အခါအားလျော်စွာ ခွင့်ပြုတယ်၊ ဒါပေမဲ့ မြို့တွင်းလှည့်လှည်သွားလာမှုမှာ အသံချဲ့စက်နဲ့ အသုံးမပြုခိုင်းဘူး၊ ဆောင်းဘောက်နဲ့ပဲ အသုံးပြုခိုင်းတယ်ဗျ"
အသံချဲ့စက်အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေမှာ ပါဝင်တဲ့အသံချဲ့စက် အသုံးပြုခွင့် ပုဒ်မအတိုင်း လိုက်နာကြဖို့ စာထုတ်ပြန်အသိပေးတာဖြစ်တယ်လို့ ပြောပါတယ်။
ဘာသာရေးအခမ်းအနားနဲ့ ပွဲလမ်းသဘင်တွေမှာ အသံချဲ့စက်အသုံးပြုမယ်ဆိုရင် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေး မှူးတွေဆီ ခွင့်ပြုမိန့်တောင်းခံရမှာဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မြို့နယ်အဆင့်ကို တစ်ဆင့်ထပ်ပြီး ခွင့်ပြုမိန့်တောင်းခံရမှာဖြစ်ပါတယ်။