ခွင့်ပြုချက်မရှိပဲ အသံချဲ့စက် အသုံးပြုလို့ တရားစွဲခံရ
2014.06.17
မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်ကို ကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မရှိပဲ အသံချဲ့စက်အသုံးပြုတယ်ဆိုပြီး ပုဒ်မ ၂၇ နဲ့ ဒီနေ့ မကွေးမြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့က မကွေးမြို့ ကန်သာရပ်ကွက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကျင်းပရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီက ခွင့်ပြုချက်မယူဘဲ အသံချဲ့စက် အသုံးပြုခဲ့တဲ့အတွက် တရားစွဲခံရတာလို့ ဦးနေမျိုးကျော်က ပြောပါတယ်။
"အခုစွဲဆိုတဲ့ဟာကတော့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၂၇ အရ ကျနော့်ကို စွဲဆိုပြီး သမ္မာန်စာ ဆင့်ခေါ်တာပါခင်ဗျ၊ အသံချဲ့စက်သုံးတဲ့နေရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားရမယ်၊ ခွင့်ပြုမိန့် ယူပြီးတော့မှ ဆောင်ရွက်ရမဲ့သဘောပါ အဲ့ဒါကို ကျူးလွန်တယ်ဆိုရင်တော့ ပုဒ်မ ၂၇ အရ အရေးယူနိုင်တယ် ဆိုတဲ့ တရားစွဲဆိုမှှုပါဗျ၊ ပုဒ်မ ၁၈ နဲ့ စွဲဆိုတာမရှိသေးပါဘူး"
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားဝင်းမှာ ကျင်းပဖို့ အတွက် ခွင့်ပြု ချက်တောင်းခဲ့ပေမဲ့ အုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြုခဲ့ဘူးလို့လည်း သိရပါတယ်။
အဲ့ဒီတရားစွဲဆိုမှုအတွက် ပြစ်မှုထင်ရှားတယ်ဆိုရင် ဒဏ်ငွေ ကျပ် ၅၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၇ ရက် ကျခံရနိုင်တယ်လို့ သိရပါတယ်။