အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ
2012.07.25
ပွင့်ဖြူမြို့နယ် သမန်းရင်း ရွာသား ဦးရဲဝင်းဟာ ရွာဘုန်းတော်ကြီးကျောင်းမှာ ရပ်ရွာ သာရေး နာရေး ကိစ္စတွေ တိုင်ပင်ပြီးနောက် မော်တော်ဆိုင်ကယ်စီးပြီး အိမ်ပြန်လာစဉ် လမ်းခုလတ်မှာ ဓားနဲ့ ဝိုင်းခုတ် သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ သက်သေတစ်ဦးက RFA ကို ပြောပါတယ်။
" ဓားနဲ့ခုတ်တယ်ခင်ဗျ။ ခေါင်းမှာလည်း ခုတ်တယ်ခင်ဗျ။ ကျွန်တော်သွားတဲ့ အခါကျတော့ ရေထဲမှာ နှစ်ထားတာကို တွေ့ရတယ်ခင်ဗျ။ ဆရာသမား ဘယ်သူတွေတုန်း၊ ဘယ်သူတွေတုန်းလို့ ကျွန်တော်က သူ့ကို မသေခင်မှာ မေးတယ်ခင်ဗျ။ မေးတဲ့ အခါကျတော့ သူက ပြောတယ်ခင်ဗျ။ ညက ဝင်းမော်နဲ့အဖွဲ့ ၈ ယောက်က သူ့ကိုလုပ်တယ်လို့ သူမသေခင်မှာ ကျွန်တော်ကို ပြောသွားတယ်ခင်ဗျ။ အဲဒီမှာ ကျွန်တော်နဲ့အတူ သူ့တူ မောင်စိုးထွန်းနိုင် ဆိုတာနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်းပဲ အနားမှာ ရှိပါတယ်ခင်ဗျ။ အဲဒီမှာ ကျွန်တော်တို့ ရဲစခန်းကို ဖုန်းဆက်ပြီး အကြောင်းကြားဖို့လည်း ကျွန်တော်တို့ကို ပြောခိုင်းတယ်ခင်ဗျ။ ကျွန်တော်တို့ကနေပြီးတော့ လှည်းစွတ်ခေါ် ပြီးတော့ ရဲစခန်းကို တန်းတင်တဲ့ အခါမှာ လမ်းခုလတ်မှာတင်ပဲ သူသေဆုံးသွားတယ်ခင်ဗျ"
ဦးရဲဝင်းဟာ ဒေသခံ အာဏာပိုင်တွေရဲ့ မတရားမှုတွေကို ဖော်ထုတ်နေသူ ဖြစ်တဲ့အတွက် လုပ်ကြံ သတ်ဖြတ်ခံရတာ ဖြစ်နိုင်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒါမျိုး ရွာသားတွေ မရှိပါဘူးခင်ဗျ။ အဲ ဝင်းမော်က ကြံ့ဖွံ့ဖြစ်တယ်။ ရဲဝင်းက NLD ထောက်ခံတဲ့လူ ဖြစ်တယ်။ ဝင်းမော် အုပ်ချုပ်ရေးမှူးလေ၊ သတ်တဲ့လူ ဝင်းမော်က၊ အရင်က၊ အရင်က။ အခုတော့ မဟုတ်ဘူးပေါ့နော်။ အရင်က အုပ်ချုပ်ရေးမှူးဟောင်း သူက။ အဲဒီ သူအုပ်ချုပ်ရေးမှူးဘဝတုန်းက ရပ်ရွာအပေါ်မှာ သူက ငွေတွေ ကောက်ထားတာ ရှိတယ်။ မီတာကြေးတွေ၊ ဟိုဟာတွေ၊ ဒီဟာတွေ တရားလွန် ကောက်ထားတာတွေ သိန်းရာချီရှိတယ်။ အဲဒီကိစ္စကို အခုချိန်မှာ ပွင့်လင်းခေတ် ရောက်လာပြီ ဆိုတော့ ဦးရဲဝင်းတို့က ခေါင်းဆောင်ပြီးတော့ တိုင်ကြတာပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ကျေးရွာသူ ရွာသားတွေ လက်မှတ်ဝိုင်းထိုးပြီး တိုင်ကြတယ်။ တိုင်တာ ဦးဆောင်တာ ဦးရဲဝင်းပေါ့နော်။ ဦးရဲဝင်းက သြဇာအာဏာ ရှိတာကိုး၊ ရွာမှာက။ အဲဒီတော့ အဲလို တိုင်ရမလား ဆိုပြီးတော့ ငွေသိန်းရာချီပြီးတော့ အလွှဲသုံးစား လုပ်ထားတဲ့ အဲလိုတိုင်ရမလား ဆိုပြီးတော့၊ ငွေတွေက သူကလျော်ရတော့မယ်လေ၊ ပြန်ပေးရမယ်လေ။ အဲတာကြောင့်မို့လို့ ခေါင်းဆောင်ဖြစ်တဲ့လူကို ဖြိုချပြလိုက်တာ"
လောလောဆယ် လူသတ် တရားခံတွေကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူမှုရှိ၊ မရှိ ဒေသခံတွေက စောင့်ကြည့်နေကြကြောင်း သိရပါတယ်။
ပွင့်ဖြူမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ကျ အရာရှိက မသိရှိသေးကြောင်း အခုလို ပြောပါတယ်။
"အဲ ဟုတ်ကဲ့ခင်ဗျ။ အဲတာ ကျွန်တော်တို့ ပြဿနာလေးပေါ့ခင်ဗျ။ အဲဒီဥစ္စာ ကျွန်တော်တို့ အကုန်လုံး မသိရသေးပါဘူးခင်ဗျ။ လောလောဆယ်တော့ ဘာမှမသိရသေးပါဘူး"
ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေကို RFA ကဆက်သွယ်ဖို့ ကြိုးစားပေမယ့် လောလောဆယ်အထိ ဆက်သွယ်လို့ မရသေးပါဘူး။