လမ်းတံတားတချို့ ဖျက်ဆီးခံရမှု အရေးကြီးအဆို တင်သွင်းမည်
2018.02.06

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က လမ်းတံတားတချို့ကို ကေအိုင်အေက ဖျက်ဆီးခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး၊ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုကို မနက်ဖြန် ကချင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းမှာ ဖြစ်ပါတယ်။
ပြည်သူတွေဒုက္ခရောက်နေတာကြောင့် အရေးကြီးအဆိုကို တင်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ ပူတာအိုမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ ကပြောပါတယ်။
"အရေးကြီးအဆို ကျနော်တို့က တင်သွင်းမှာဖြစ်ပါတယ်။ ဒီတံတားတွေကို မဖျက်ဆီးဖို့ရယ်၊ ပြီးတော့ လမ်းမှာ ကျနော်တို့ ဒီဆီတို့၊ ဆားတို့ တင်တာကို ဘယ်ဘက်မဆို အနှောင့်အယှက်မပေးဖို့ရယ်၊ အဲတာတွေပဲ အဓိကတော့ ဆန်ဈေးကလည်း တော်တော်လေး ဈေးတက်နေတယ်။ ဟိုတုန်းကဆိုရင် တစ်ပြည်ကို ၁၈၀၀ နဲ့ ရတယ်ဟာ အခုက တစ်ပြည်ကို ၅၀၀၀ နဲ့ တောင်မရဘူး။ တနေရာရာဆိုရင် ၈၀၀၀၊ ဓါတ်ဆီတစ်ပုလင်းကို ၆၀၀၀ ရှိနေပါတယ်။ ဒါ အကုန်လုံးလိုလိုပဲ ဈေးတက်နေတာ။ လမ်းတွေမပြင်ပဲနဲ့ ဒီအတိုင်းထားရင် ပူတာအိုကျတော့ အခက်အခဲ တော်တော်လေး ရောက်သွားနိုင်တဲ့ အခြေအနေရှိပါတယ်။"
အဲဒီလမ်းကြောင်းကို အခုလိုပွင့်လင်းရာသီချိန်မှာ နိုင်ငံတော်ဘဏ္ဍာငွေတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင် ရွက်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အစိုးရတပ်မတော်ဘက်က စစ်ဆေးရေးမလုပ်နိုင်အောင် ဆိုပြီး တံတားနှစ်စင်းနဲ့ ယန္တရားတချို့ကို ကေအိုင်အေ က ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် လမ်းပိုင်းပြုပြင်ထိန်းသိန်းရေးလုပ်သားတွေအဖြစ် မြန်မာနိုင်ငံအောက်ပိုင်းကနေ လာရောက်လုပ်ကိုင်နေကြတဲ့ လူဦးရေ ခန့်မှန်းထောင်ဂဏန်းနဲ့ ဆွမ်ပရာဘွမ်ဒေသခံ ၇၀၀ လောက်ဟာ ဘေး လွတ်ရာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
မြို့နယ် ၅ ခု နဲ့ဖွဲ့စည်းထားတဲ့ ပူတာအိုခရိုင်မှာ ရှမ်း၊ လီဆူ၊ ရဝမ် ၊ ဂျိန်းဖော စတဲ့ တိုင်းရင်းသားတွေ နဲ့ နိုင်ငံ့ဝန်ထမ်းတချို့နေထိုင်ကြတာဖြစ်ပြီး ၂၀၁၄ ရှေ့ပြေးသန်းခေါင်စာရင်းအရ လူဦးရေ ၉ သောင်းကျော် ရှိပါတယ်။
မြစ်ကြီးနားကနေ ပူတာအိုအထိ မိုင် ၂ ရာကျော်အကွာအဝေးရှိတဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းဟာ ပူတာအိုဒေသရဲ့ ကုန်စည်ကူးသန်းသွားလာရေးအတွက် အဓိက အသုံးပြုနေရတာ ဖြစ်ပါတယ်။