ပုလောနဲ့ မြိတ်မှာ နှစ်ရက်တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံး

RFA Burmese
2024.05.07
ပုလောနဲ့ မြိတ်မှာ နှစ်ရက်တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံး တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်တစ်နေရာကို တွေ့ရစဉ်။
Tachileik News Agency

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်နဲ့ မြိတ်မြို့နယ်အတွင်းမှာ မေလ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မေလ ၂ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၃ ရက်နေ့မှာလည်း မြိတ်မြို့နယ်၊ ဘန်းပြည့်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးရမိပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အလောင်းကိုပြန်တွေ့ချိန်မှာ မီးရှို့ခံထားရတယ်လို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့အလောင်းတွေမှာ ခေါင်းတွေမရှိတော့ဘူး။ ပြီးတော့ မီးရှို့ခံထားရတာ။ ခြေတို့၊ လက်တို့ပဲ တွေ့ရတယ်။ ကျွန်တော်တို့ အလောင်းတွေ့ရတဲ့ နေရာအနီးအနားကို ခေါင်းတွေလိုက်ရှာကြည့်တာ မတွေ့ဘူး။ ခေါင်းဖြတ်သတ်ပြီးမှ ကျန်တဲ့ ခန္ဓာကိုယ်ကို မီးရှို့ခံရတာလို့ ယူဆလို့ရပါတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကနေ မေလ ၇ ရက် ဒီနေ့အထိ တနင်္သာရီမြို့နယ်အတွင်းက သိန္ဓောကျေးရွာနဲ့ သကျက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တနင်္သာရီတိုင်းက နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။