ဒဂုံစီးတီး စီမံကိန်းကြောင့် နိုင်ငံ့ပုံရိပ် ကို ထိခိုက်စေနိုင်ကြောင်း ပညာ ရှင်တွေပြောကြား
2015.05.17

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တဝိုက်မှာ အထပ်မြင့် အဆောက်အဦးတွေ ဆောက်လုပ်မယ့် ဒဂုံစီတီး Dagon City စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင် ကြောင်း ရွှေတိဂုံစေတီတော်ကို ကယ် တင်ပါ "Save The Shwedagon" ဆွေးနွေးပွဲမှာ ပညာရှင်တွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိသုကာအသင်းရုံးချုပ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ အဆောက်အဦး ဦးစီးဋ္ဌာန ညွှန်ကြားရေး မှူး ဒေါ်လှိုင်မော်ဦးက အဲဒီလို ဆောက်လုပ်ရေး စီမံ ကိန်းတွေဟာ ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ပုံရိပ်တွေ များလာမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။
"အဲ့မှာ အဆောက်အဦးတွေသာမြင့်လာရင် ဘာဖြစ် မလဲဆိုတာကတော့ ဒီမိုကရေစီ ခေတ်မှာ အများပြည်သူရဲ့ဆုံးဖြတ်ချက်ပဲဖြစ်သင့်တယ်လို့ ကျမထင်ပါတယ်၊ ဒီမှာ သေသေချာချာကြည့်ရင် ယောကျ်ားလေးတွေ၊ မိန်းကလေးတွေ ပုံစံမျိုးစုံနဲ့ ဘောင်းဘီတို နဲ့ ဒီဇိုင်းပေါင်း စုံတွေ့ရပါတယ်၊ ကျမတို့ ရွှေတိဂုံဘုရားကြီးတွက် ဒါဟာ သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာ ကျမတို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်၊ ဘာသာရေးနဲ့ မသက်ဆိုင်ပါဘူး၊ ကျမတို့နိုင်ငံရဲ့ မြို့ပြဒီဇိုင်းမြင်ကွင်းကနေ ကျမပြော တာဖြစ်ပါတယ်"
ဒဂုံစီးတီးစီမံကိန်းကို ရွှေတိဂုံဘုရားတောင်ဘက်မုဒ်အနီးမှာ အကောင်အထည်ဖော်ဖို့ ရှိနေပြီး အဲဒီစီမံကိန်းမှာ လူနေ အထပ်မြင့်အဆောက် အဦးတွေ ဆောက်လုပ်ဖို့ပါရှိနေတာကြောင့် ရွှေတိဂုံဘုရား တည်ထားတဲ့ သိင်္ဂုတ္တရ ကုန်းတော်ကို ထိခိုက်မယ့် အခြေအနေတွေရှိတယ်လို့ ပြောပါတယ်။
ဒဂုံစီးတီးစီမံကိန်း တည်ရှိတဲ့နေရာဟာ အရင်က တပ်မတော်စစ်ရုံးချုပ်ဟောင်း နဲ့မော်တော်ယာဉ်တပ် တည်ရှိ တဲ့နေရာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ရဲ့ခွင်ပြူချက်နဲ့ အဆင်မြင့်အိမ်ရာ အဆောက်အဦးတွေ ဆောက်လုပ် မှာဖြစ်တယ်လို့ သိရပါတယ်။