လူငယ်နှီးနောပွဲ မုံရွာမှာ ကျင်းပ
2016.06.11

တတိယအကြိမ်မြောက် မြန်မာလူငယ်ဖိုရမ် Myanmar Youth Forum 2016 ကို စစ်ကိုင်းတိုင်း မုံရွာမြို့ခန်းမမှာ ဒီကနေ့ စတင်ကျင်းပနေပြီး လူငယ်အများစုက လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပါဝင်ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံအနှံ့အပြားရှိ လူငယ်ကျောင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်တက်ကြွကြွပါဝင်ဆွေးနွေးနေကြတယ်လို့ ဖိုရမ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ကိုဘိုဘိုက RFA ကိုပြောပါတယ်။
"လူငယ်ကျောင်းသားကွန်ရက်တွေထဲကလည်းပါတယ်၊ တိုင်းရင်းသားလူငယ် ကွန်ရက်တွေကလည်း ပါတယ်၊ လူငယ် ၄၅၀ တက်လာတယ်၊ လူငယ်တွေ ရဲ့စိတ်ဝင်စားမှုတွေ ကိုတော့အဓိက ထားပြီးဆွေးနွေးတယ်၊ ဒီနေ့အတွက်တော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး၊ နောက်တစ်ခုက ငြိမ်းချမ်းရေးကိစ္စကိုဆွေးနွေးတယ်"
ဒီကနေ့ အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဦးဝင်းမြတ်အေးနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့လည်းတက်ရောက် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့က အမျိုးသား လွှတ်တော်မှာ လူငယ့်ရေးရာမူဝါဒရေးဆွဲရေးနဲ့ ပတ်သက်ပြီး အဆိုတင်သွင်း ဆွေးနွေးခဲ့ရာမှာ ပြည်ထောင်စု ဝန်ကြီးက အစိုးရရဲ့ ရက် ၁ဝဝ စီမံကိန်းမှာ ဦးစားပေးလုပ်ငန်းအနေနဲ့ ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့ပါတယ်။
အခုဆွေးနွေးပွဲမှာ အဲဒီလို လူငယ့်ရေးရာ မူဝါဒမူကြမ်း ရေးဆွဲရာမှာ ထည့်သွင်းနိုင်ဖို့အတွက် လူငယ်နဲ့ ငြိမ်းချမ်းရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူငယ့်ရေးရာမူဝါဒ စတဲ့ ခေါင်းစဉ်တွေကို အစုအဖွဲ့အလိုက်ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။ ဝန်ကြီး ဦးဝင်းမြတ်အေးက လူငယ်အဖွဲ့အစည်းတွေနဲ့ အစိုးရကြား ပူးပေါင်းဆောင်ရွက်မယ့်နည်းလမ်းကို ပြောကြားခဲ့တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောပါတယ်။
"ဒီလူငယ်ရေးရာမူဝါဒရေးဆွဲရေး ဗဟိုကော်မတီတွေဖွဲ့မယ်၊ လုပ်ငန်းကော်မတီတွေဖွဲ့မယ်၊ အဲ့ဒီ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတွေမှာ ဒီနေ့ကျင်းပတဲ့ ၂၀၁၆ မြန်မာလူငယ်တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးက လူငယ်တွေက ပြည်နယ်နဲ့ တိုင်းတစ်ခုစီကို ၂ ဦးကျနှုန်းနဲ့ ပြည်လည်ပြီးရွေးချယ်မယ်၊ အဲ့ဒီမှာရွေးချယ်ထားတဲ့လူငယ်တွေက ခုနကဝန်ကြီးဌာနဖွဲ့မယ့် လုပ်ငန်းကော်မတီတွေ၊ ဗဟိုကော်မတီတွေ၊ မူကြမ်းရေးဆွဲရေးကော်မတီတွေမှာ လူငယ်တွေ ပါဝင်မယ်၊ ပြီးတော့ ကျနော်တို့ဆွေးနွေးဖို့ရှိပါသေးတယ်"
ဆွေးနွေးပွဲကို ငြိမ်းချမ်းရေး၊ လူမှုရေး၊ ဘာသာရေးတွေအခြေခံပြီး လုပ်ဆောင်နေကြတဲ့ Yangon Youth Network ၊ Colour Rainbow ၊ မိုးညှင်းလူငယ်ကွန်ရက် ၊ ဗန်းမော်လူငယ်ကွန်ရက်၊ ကယန်း မျိုးဆက်သစ်လူငယ်အဖွဲ့၊ လူငယ်နဲ့ လူမှုသဟဇာတဖြစ်မြောက်ရေးစင်တာ စတဲ့အဖွဲ့ ၄ဝ ကျော်က ကိုယ်စားလှယ်တွေ ပါဝင် တက်ရောက်နေ ပြီး ၃ ရက်ကြာကျင်းပမှာဖြစ်ပါတယ်။
တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ် Myanmar Youth Forum ကို စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ အားကာသိပ္ပံခန်းမမှာ ဇွန်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ကျင်းပနေပါတယ်။
အဲဒီ လူငယ်ဖိုရမ် ပထမနေ့မှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ဖိုရမ် တက်ရောက်ခဲ့တဲ့ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။