နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းကို အရှေ့တီမောမှာ ဝိုင်းဝန်းဆန္ဒပြ

အရှေ့တီမောသမတ Jose Ramos-Horta ရဲ့ ဖိတ်ကြားချက်အရ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း သြဂုတ်လ ၂၀ ရက် ဒီကနေ့ အရှေ့တီမောနိုင်ငံကို ရောက်အလာမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝိုင်းဝန်းဆန္ဒပြကြပါတယ်။

2010.08.20
ramos-horta_nyan_win_305_z အရှေ့တီမော သမတ မစ္စတာ ဟိုဆေ ရာမို့စ်-ဟိုတာ (ဝဲ) က မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း (ယာ) သြဂုတ်လ ၂၀ ရက်က ဒီလီ မြို့တော်ရှိ သမတနေအိမ်သို့ လာရောက်စဉ် ရိုးရာ လက်ရက်ထည် ပေးအပ် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြို့တော်ဒီလီ လေဆိပ်အဝင်မှာ ဒါဇင်နဲ့ချီ ရှိနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက ဝိုင်းဝန်း ဆန္ဒပြခဲ့ကြတာပါ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာကနေ လွှတ်ပေးဖို့ တောင်းဆို ကြွေးကြော်ခဲ့ကြပါတယ်။

အခုဆန္ဒပြနေတဲ့ အရှေ့တီမောနိုင်ငံသားတွေဟာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံအားပေးကြသူတွေ ဖြစ်ပြီး စစ်အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်တဲ့ Carolino Marques က သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ ခရီးစဉ်ဟာ သံရုံးဖွင့်ဖို့ကိစ္စ ဖြစ်နိုင်တယ်လို့ အရှေ့တီမောနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့လည်း မြန်မာနိုင်ငံသားဆိုတော့ မင်းတို့ မြန်မာနိုင်ငံက ဝန်ကြီးလာမယ်လို့ အဲလို ပြောတယ်။ ဘာလို့လဲဆိုတော့ ဒီမှာလည်း အဲလို ဝန်ကြီးတွေ ဘာတွေ အရောက်အပေါက်က တော်တော် နည်းတာကိုး၊ ကျွန်တော်တို့ ဒီဖက်မှာလေ။ ကျွန်တော်တို့ ထင်တာပေါ့လေ၊ ထင်တာ သံရုံးများ ဖွင့်မလားပေါ့၊ အဲလိုမျိုးတော့ ထင်တယ်။”

လေဆိပ်မှာ ဝန်ကြီး ဦးဉာဏ်ဝင်းကို ဆန္ဒပြကြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကန့်ကွက်ရှုတ်ချထားတဲ့ စာတမ်းတွေ၊ ပိုစတာတွေကို ရဲတွေက ဆန္ဒပြသူတွေဆီကနေ လုယူ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေကလည်း စစ်အစိုးရ ကျဆုံးပါစေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ် စတာတွေကို တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြခေါင်းဆောင် Carolino Marques က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။