နေရာအစားပြန်ပေးဖို့ တောင်းဆိုဆန္ဒပြ
2012.08.13

ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်နေတဲ့ ကျူးကျော်အိမ် ၉၀ ကျော်ကို အာဏာပိုင်တွေက သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံး ဖယ်ရှားခိုင်းတဲ့အတွက် နေထိုင်သူတွေက တခြားနေရာ တစ်ခုမှာ နေစရာ အစားပြန်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာလို့ ဆန္ဒပြသူ တစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"ရည်ရွယ်ချက်ကတော့ နေရာတစ်ခုရဖို့ ရည်ရွယ်ချက်ပါ။ သူတို့ကတော့ အဲဒီနေရာကို ၁၅ ရက်နေ့ နောက်ဆုံးဖယ်ပေးပါ။ ကျွန်မတို့က ခက်ခဲလို့ မထွက်တာ အမှန်ပဲ။ တခြားမိသားစုတွေလည်း ဒီလိုပဲ ခက်ခဲနေကြတာပဲ။ သူတို့မှာလည်း ကျောင်းသားတွေရှိတယ်။ စားဝတ်နေရေး ဒီလိုပေါ့နော်။ ရေတွေကြီး၊ မိုးတွေကအကြိုက်ကိုရွာ အဲဒီလိုရွာနေတဲ့ အခါကျတော့ ပြောင်းဖို့၊ ရွှေ့ဖို့ ဒီပိုက်ဆံ တစ်သိန်းနဲ့ အစ်မကြီးတို့ ဘယ်လိုလုပ်မလဲ။ အိမ်စဘော်တောင် မရှိဘူး။ မဖြစ်မနေပြောင်းရမယ်ဆို ဘယ်ကို သွားရမလဲ။ အစီအစဉ်တောင် မရှိဘူး။ ပိုင်ဆံပေးပြီးနေရတဲ့ အတွက် အစ်မတို့ကို သူတို့နေရာ တစ်ခုပြန်ပေးသင့်တယ်။ မပေးပဲနဲ့ ထွက်ခိုင်းတော့ အစ်မတို့မှာ ဘာဖြေရှင်းရမလဲ"
အခုလို ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းမှာ သြဂုတ်လ ၈ ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပြီး တရားဝင် ခွင့်ပြုချက် မနေ့က ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဆန္ဒပြရာမှာ မနက် ၁၀ နာရီကနေ နေ့လည် ၁၂ အထိ ရွှေပြည်သာမြို့နယ် ဦးဘိုးလှိုင်လမ်းကနေ ရွှေပြည်သာစက်မှုဇုန် စီမံခန့်ခွဲရေးရုံးအထိ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက တစုံတရာ တားဆီး နှောင့်ယှက်တာ မရှိပေမယ့် မှတ်တမ်းဓာတ်ပုံရိုက်ယူတာ၊ အနီးကပ် စောင့်ကြည့်တာတွေ ရှိခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာရှိတဲ့ ကျူးကျော်အိမ် အများစုဟာ အဲဒီနေရာမှာ နေထိုင်လာတာ ၅ နှစ်ကနေ ၁၀ နှစ်အထိ ရှိနေပြီလို့ သိရပါတယ်။ နေထိုင်ဖို့အတွက် ရပ်ကွက်အာဏာပိုင်တွေကို ငွေကျပ် နှစ်သောင်းခွဲ လောက်အထိ ပေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
အဲဒီ အတောအတွင်း အင်းစိန်မြို့နယ် ခဝဲခြံရပ်ကွက် စက်မှု (၁) ဝင်းထဲမှာရှိတဲ့ ဆိုင်ခန်း ၂၀ ကျော်ကိုလည်း အခုသီတင်းနှစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတဲ့အတွက် မပြောင်းရွှေ့လိုတဲ့ ဆိုင်ခန်းရှင်တွေက သမ္မတရုံးကို လက်မှတ်ရေးထိုး တင်ပြထားသလို ၈၈ မျိုးဆက် ကျောင်းသားတွေကိုလည်း အကူအညီ တောင်းခံထားတယ်လို့ ပြောပါတယ်။