ပဲခူးမှာ ဆန္ဒပြသပိတ်အဖွဲ့ဝင်အပါအဝင် ဆက်စပ်သူ ကိုးဦး အဖမ်းခံရ

2022.07.12
ပဲခူးမှာ ဆန္ဒပြသပိတ်အဖွဲ့ဝင်အပါအဝင် ဆက်စပ်သူ ကိုးဦး အဖမ်းခံရ ပဲခူးမြို့တွင် “ငါတို့ မြို့ ငါတို့ပိုင်တယ်။ လုံးဝ အုပ်ချုပ်ခွင့်မရ” ဆိုသည့်စာတန်းအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်
Photo: CPDF

ပဲခူးမြို့မှာ ဇူလိုင်လ ၇ ရက်နေ့က ကျောင်းသားအရေးတော်ပုံ နှစ် ၆၀ ပြည့် (7 July အထိမ်းအမှတ်) အဖြစ် “ငါတို့ မြို့ ငါတို့ပိုင်တယ်။ လုံးဝ အုပ်ချုပ်ခွင့်မရ” ဆိုတဲ့စာတန်း ချိတ်ဆွဲခဲ့တဲ့ သပိတ်ခေါင်းဆောင် အပါအဝင် အနည်းဆုံး ကိုးဦး အဖမ်းခံခဲ့ရတယ်လို့ ဆန္ဒပြသပိတ်မှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

ပဲခူးမြို့အခြေစိုက် အရပ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CPDF) ရဲ့ သပိတ်တာဝန်ခံ ကိုရန်ကြီးကိုယ်တိုင် အဖမ်းခံရပြီးနောက် ဇူလိုင်လ ၇ ရက်ကနေ ၉ ရက်နေ့တွင်း သပိတ်မှာ ပါဝင်ခဲ့သူငါးဦးနဲ့ သူတို့နဲ့ ဆက်စပ်သူ လေးဦး စုစုပေါင်း ကိုးဦး အဖမ်းခံခဲ့ရတယ်လို့ CPDF ရဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အမျိုးသား ငါးယောက်၊ အမျိုးသမီးက လေးယောက် ပါသွားတယ်။ ထောင်ချောက်ဆင် ပြီးတော့ မျှားခေါ်တာ။ ညပိုင်းမှာ အဖမ်းခံရတဲ့ ကောင်မလေးတစ်ယောက်က ကျနော့် ဆီကို ဖုန်းဆက်ခေါ်တယ်။ ကျနော်တို့ကလည်း တော်တော်များများ ပါသွားပြီဆိုတာ သိနေလို့ သူလည်း အဖမ်းခံရပြီဆိုတာ ကျနော် သိနေတယ်။ အဓိကကတော့ ကျနော်တို့ တက်ချိတ်ခဲ့တဲ့ ကျုံးဘေးက CCTV ကနေ ခြေရာခံတာလို့ ပြောကြတယ်”

အဲဒီအဖွဲ့ဟာ ဇူလိုင်လ ၇ ရက်နေ့မှာ စာသားချိတ်တဲ့လှုပ်ရှားမှု လုပ်ခဲ့တာဖြစ်ပြီး နောက် တစ်ရက် ဇူလိုင်လ ၈ ရက်နေ့မှာ ဆန္ဒပြတဲ့အဖွဲ့တစ်ခုကလည်း ဆန္ဒပြပြီးအပြန်မှာ ပဲခူးက ဆိုင်ကယ် Show Room ရဲ့ CCTV ကနေတစ်ဆင့် အဖမ်းခံရသူတွေရှိတယ်လို့ ပဲခူးဒေသ ခံတွေက ပြောပါတယ်။

အခုနောက်ပိုင်း ပဲခူးမြို့မှာ ဆန္ဒပြသပိတ်တွေ နည်းပါးသွားရတာဟာ အဖွဲ့အစည်းတိုင်းက လူတွေ အဖမ်းခံနေရတာကြောင့် ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

ကျောင်းသားနှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် အရဲစွန့်ပြီး စာတန်းတက်ချိတ်ဖို့ ဆုံးဖြတ်ခဲ့ ကြတာလို့ သပိတ်မှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အဖွဲ့က စစ်ရေး၊ နိုင်ငံရေး နှစ်ခုသွားတဲ့ အဖွဲ့အစည်းပါ။ နိုင်ငံရေးထဲမှာက ဒီသပိတ်နဲ့ ပတ်သက်ပြီး လုပ်တဲ့အခါမှာ တချို့ကျတော့ အိမ်ကနေပြီးတော့ပဲ ရုပ်ဖျောက် ပြီး ဆန္ဒပြလိုက်တာတွေ ရှိတယ်။ သပိတ်တာဝန်ခံ ပါသွားတော့ သပိတ်မှာ ပတ်သက်တဲ့ ရဲဘော်တွေတို့၊ အလံတွေ ထားတဲ့နေရာတို့၊ စာတန်းရေးဖို့အတွက်ကို Safe House တွေ ထားတဲ့နေရာတွေကနေပါ အဖမ်းခံလိုက်ရတာ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့အထိ အဖမ်း ခံထားရသူ စုစုပေါင်း ၁၁,၄၇၈ ဦးရှိပြီး သူတို့ထဲမှာ ၁၂၄၅ ဦးကတော့ ထောင်ဒဏ်ချမှတ် ခြင်း ခံထားရတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။