မြန်မာနိုင်ငံက ဆန္ဒပြသူတွေကို အကာအကွယ်ပိုပေးဖို့ နိုင်ငံတကာကို AI တိုက်တွန်း

2022.04.22
မြန်မာနိုင်ငံက ဆန္ဒပြသူတွေကို အကာအကွယ်ပိုပေးဖို့ နိုင်ငံတကာကို AI တိုက်တွန်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က အခြေခံပညာကျောင်းသားများသမဂ္ဂ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြစဉ်
Photo: Citizen Journalist

မြန်မာနိုင်ငံက ရဲရင့်တဲ့ဆန္ဒပြသူတွေကို နိုင်ငံတကာ အသိုင်းအဝန်းက အကာအကွယ်ပေးမှု တွေ ပိုပြီးလုပ်ပေးဖို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့် အောင် လုပ်ဖို့ဆိုတဲ့အချက်ဟာ အာဆီယံနိုင်ငံတွေရဲ့ ဘုံသဘောတူညီချက် ငါးခုထဲမှာ ပါဝင်ပေမယ့် တစ်နှစ်ကျော်လာတဲ့အထိ အကောင်အထည်မဖော်နိုင်ဘူးလို့လည်း Amnesty အဖွဲ့က ထောက်ပြဝေဖန်လိုက်ပါတယ်။ ကြီးမားများပြားလှတဲ့ အခက်အခဲတွေ၊ အန္တရာယ် တွေကြားမှာ မြန်မာ့အရေးလှုပ်ရှားသူတွေဟာ ငြိမ်းချမ်းတဲ့ဆန္ဒပြမှုတွေကို လုပ်ဆောင် နေကြတယ်လို့ Amnesty အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေကို ဆက်ပြီးလုပ်နေတဲ့ အဖွဲ့ အစည်းတွေထဲက လူ ၁၇ ဦးကို Amnesty အဖွဲ့က ဆက်သွယ်မေးမြန်းမှုတွေကို မကြာခင်လပိုင်းတွေက လုပ်ဆောင် ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ လမ်းမတွေပေါ် လျှပ်တစ်ပြက်ထွက်ပြီး ကြွေးကြော်ဆန္ဒပြတဲ့နည်းတွေ၊ အသံတိတ် သပိတ်တွေ၊ အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးတွေကို သပိတ်မှောက်ရေး လှုံ့ဆော်မှုတွေကို နည်းမျိုးစုံနဲ့ လူထုအကြားမှာ ဖော်ပြနေကြတယ်။ ဒီလိုလှုပ်ရှားနေသူဟာ သေနတ်နဲ့ အပစ်ခံရတာ၊ ကားနဲ့ အတိုက် ခံရတာ စတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကို ခံနေကြရတယ်၊ ဒီလှုပ်ရှားသူ တွေအတွက် နိုင်ငံတကာအသိုင်းအဝန်းရဲ့ ပံ့ပိုးကူညီမှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ Amnesty အဖွဲ့က ဆိုပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေမှု တွေ တစ်ကမ္ဘာလုံးက ရပ်တန့်ရေးကို လုပ်ဆောင်ကြဖို့ကိုလည်း Amnesty အဖွဲ့က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။