ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အမှု အမှန်တကယ် စုံစမ်းစစ်ဆေးဖို့ AI တောင်းဆို

RFA Burmese
2024.06.26
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အမှု အမှန်တကယ် စုံစမ်းစစ်ဆေးဖို့ AI တောင်းဆို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့က ပင့်ဆောင်လာသော ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ရုပ်ကလာပ်အား ပဲခူးမြို့၊ ကျောင်းတိုက်တွင် ထားရှိသည့် မြင်ကွင်း။
Citizen Photo

စစ်ကောင်စီအနေနဲ့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပစ်ခတ်ခံရတဲ့ဖြစ်ရပ်ကို ကတိပြုထားတဲ့အတိုင်း စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအပြင် အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့ အရပ်သား သတ်ဖြတ်ခံရမှုတွေကိုလည်း စုံစမ်းစစ်ဆေးရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သတ်ဖြတ်မှုတွေကို ညွှန်ကြားကြီးကြပ်တာ၊ တိတ်တဆိတ် အားပေးအားမြှောက်ပြုလုပ်ခဲ့တာတွေကို လွတ်လပ်ပွင့်လင်းမြင်သာမှုရှိရှိ ဘက်မလိုက်ဘဲ ထိထိရောက်ရောက် စုံစမ်းရမယ်လို့ AI ရဲ့ ဒေသတွင်းသုတေသနဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Montse Ferrer က ပြောပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီးရဲ့ ဖြစ်ရပ်ဟာ သီးခြားဖြစ်ရပ်တစ်ခုမဟုတ်ဘဲ စစ်ကောင်စီရဲ့ လူအခွင့်အရေးအပေါ် လေးစားမှုမရှိ အဆင်အခြင်မဲ့လုပ်ရပ်တွေကို မြန်မာနိုင်ငံက ပြည်သူတွေလည်း အလားတူ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

"အာဏာပိုင်တွေအနေနဲ့ ဒီဖြစ်ရပ်မှာ တာဝန်ရှိတဲ့သူတွေကို မျှမျှတတ စုံစမ်းစစ်ဆေးပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ရမှာပါ။ နိုင်ငံတွင်း လူတိုင်းရဲ့ လူ့အခွင့်အရေးကို လေးစားမှု၊ ကာကွယ်မှုနဲ့ အပြည့်အဝ မြှင့်တင်ပေးရပါမယ်"

ဇွန်လ ၁၉ ရက်နေ့က မန္တလေးကို လေကြောင်းနဲ့ ကြွချီခဲ့ပြီးနောက် တံတားဦးလေဆိပ်အထွက်မှာ ကားကို သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရတာပါ။

ဒီဖြစ်စဉ်ကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ကနဦး ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဖြစ်စဉ်မှာပါဝင်တဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်သားတွေက ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်မှာ သံဃာထုကို မိန့်ကြားခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီက သူတို့ရဲ့ ပစ်ခတ်မှုကို ဝန်ခံခဲ့ပြီး ပြန်လည်စိစစ် အရေးယူမဲ့အကြောင်း ထုတ်ပြန်ခဲ့သလို စစ်ကောင်စီဥက္ကဋ္ဌကလည်း တောင်းပန်စာ ပို့ခဲ့ပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ အန္တိမအဂ္ဂိဈာပနပွဲကို ဇွန်လ ၂၇ ရက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဝင်းနိမ္မိတာရုံကျောင်းတိုက် အပါအဝင် ပဲခူးမြို့အတွင်း စစ်ကောင်စီက လုံခြုံရေး အပြည့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါရှိပြီး ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယ ပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့များ ရရှိထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။