လေယာဉ်ဆီအတွက် စစ်ကောင်စီ နည်းဗျူဟာအသစ်သုံးပြီး တင်သွင်းနေကြောင်း AI ပြော

RFA Burmese
2024.01.30
လေယာဉ်ဆီအတွက် စစ်ကောင်စီ နည်းဗျူဟာအသစ်သုံးပြီး တင်သွင်းနေကြောင်း AI ပြော တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။
Myanmar Military

လေယာဉ်လောင်စာဆီ တင်ပို့တာတွေကို ပိတ်ဆို့ အရေးယူထားပေမဲ့ စစ်ကောင်စီဟာ နည်းဗျူဟာသစ်တွေ သုံးပြီး တင်သွင်းနေတဲ့ အထောက်အထားအသစ်တွေတွေ့ရှိတဲ့အကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI) က ဒီနေ့ဖော်ထုတ်လိုက်ပါတယ်။

စစ်ကောင်စီဟာ လမ်းကြောင်းသစ်တွေသုံးနေပုံရပြီး လောင်စာ တင်ပို့တဲ့ မူရင်းကို မသိရဘဲ သိုလှောင်ရေးရုံတွေကို အားထားတင်သွင်းနေတယ်လို့ AI အဖွဲ့ကပြောပါတယ်။

လောင်စာဆီတင်ပို့တဲ့ လမ်းကြောင်း၊ ဂြိုဟ်တုဓာတ်ပုံ၊ ကုန်သွယ်ရေးနဲ့ အကောက်ခွန်ဆိုင်ရာ အချက်အလက်တွေကို AI က ဆန်းစစ်တဲ့အခါ ပြီးခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံထဲ လေယာဉ်လောင်စာဆီ ဝင်တဲ့ လမ်းကြောင်းက သိသိသာသာ ပြောင်းသွားတာ ပြသတယ်လို့ ပြောပါတယ်။

ဗီယက်နမ်မှာ ရှိတဲ့ သိုလှောင်ရုံကနေ မြန်မာနိုင်ငံကို မနှစ်က အနည်းဆုံး ခုနစ်ကြိမ် တိုက်ရိုက်တင်ပို့တယ်လို့ ဆိုပါတယ်။ တိုက်ရိုက်ရောင်းချတာတွေ မတွေ့ရတော့ဘဲ ကြားခံက တဆင့် မြန်မာနိုင်ငံအတွက် လေယဉ်လောင်စာဆီ ဝယ်ပေးတယ်လို့လည်း ပြောပါတယ်။

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်မတိုင်ခင်မှာ AI က အစီရင်ခံစာ ထုတ်ပြန်တာဖြစ်ပြီး ၂၀၂၃ ဟာ မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးနှစ် ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်သူတွေ အသက်ဆုံးရှုံးနေရတာကို တားဆီးနိုင်ဖို့အတွက်ဆိုပြီး စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို အမေရိကန် နဲ့ ဗြိတိန်တို့က ၂ဝ၂၃ ဩဂုတ်လ ၂၃ ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ အမေရိကန် အစိုးရက အရင် ပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးသားဖြစ်တဲ့ Asia Sun ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦဇော်မင်းထွန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းခဲ့တာပါ။

မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားနဲ့ လေယာဉ်ဆီအဓိက ထောက်ပံ့ပေးနေတဲ့ ဦးထွန်းမင်းလတ် အပါအဝင် လူပုဂ္ဂိုလ်နှစ်ဦးနဲ့ ကုမ္ပဏီ ခြောက်ခုကိုလည်း အမေရိကန်အစိုးရက ပြီးခဲ့တဲ့နှစ် မတ်လ ၂၄ ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။