ထားဝယ်စီမံကိန်း အမြန်ဆုံးစတင် ဖို့ လူတစ်ထောင်ကျော် တောင်းဆို ဆန္ဒပြ


2015.02.03
dawei-project-supporter-305.jpg ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ထားဝယ်မြို့ခံတွေ ဆန္ဒပြကြစဉ်
Photo: RFA

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထားဝယ်အထူးစီးပွားရေး ဇုန်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ထားဝယ်မြို့ခံ တစ်ထောင်ကျော်က ဆိပ်ကမ်းစီမံကိန်း အကောင် အထည်ဖော်နေတဲ့ နဘုလယ်ကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အဲဒီ့ စီမံကိန်းဖြစ်လာရင် ဒေသခံတွေအတွက် အလုပ် အကိုင် အခွင့်အလမ်းတွေရရှိလာမှာ ဖြစ်တာကြောင့် အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ထိန်ကြီးကျေး ရွာက ဒေသခံ ဦးအောင်မိုးက ပြောပါတယ်။

"လယ်ယာကိုင်းကွန်းအပေါ်မှာ မှီခိုတဲ့အနေအထားက သူရင်းငှားခတို့ မြေသြဇာတို့ စက်ကိရိယာတို့ မလောက်ငှတဲ့အခါကျတော့ လယ်မြေတွေက မစိုက်ပျိုးဘဲ ပစ်ထားတဲ့အခါကျတော့ အလုပ်အကိုင် အခွင့်အလမ်းက နည်းတယ်ပေါ့၊ ဒီစီမံကိန်း ဖြစ်လာ မယ်ဆိုရင်တော့ ဒေသတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်ပေ့ါ"

ဆန္ဒပြပွဲမှာ ထိန်ကြီး၊ ငပိတက်၊ မောင်းချောင်း၊ ဝက်ချောင်း စတဲ့ ကျေးရွာ ၁၆ရွာက ဒေသခံတွေ ပါဝင်ခဲ့ကြပါ တယ်။

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ပူးပေါင်း အကောင်အထည်ဖော်တာဖြစ်ပြီး ဂျပန်နိုင်ငံက ကူညီထောက်ပံ့မယ်လို့ ကမ်းလှမ်းထားပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့ ကနဦးလုပ်ငန်းတွေမှာ ၁ဝ မိုင်ပတ်လည် စက်မှုဇုန်တစ်ခု၊ ထားဝယ်စီမံကိန်းနဲ့ ထိုင်းနိုင်ငံကြား နှစ်လမ်းသွားလမ်းမ၊ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ အသေးစားဆိပ်ခံတစ်ခု၊ ရေလှောင်ကန်တစ်ခု ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။