တရုတ်ကြေးနီစီမံကိန်းတွေရပ်တန့်ဖို့ ဒေသခံတွေဆန္ဒပြတောင်းဆို
2024.06.04

Updated 5:10 PM Jun 4,2024
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီတွေရဲ့ ကြေးနီထုတ်လုပ်မှုစီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့မေလ ၇ ရက်နေ့ကစလို့ ဒီနေ့အထိ ဆက်တိုက်ဆန္ဒပြတောင်းဆိုနေပါတယ်။
ဒေသခံတွေဟာ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေမှာစုဖွဲ့ပြီး (CHINA; Stop trying to operate Myanmar Wambao and YangTase Copper Limited) ဆိုတဲ့စာတန်းကိုကိုင်ပြီး နေ့စဥ် ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။
အဲဒီစီမံကိန်းတွေဟာ စစ်ကောင်စီအတွက်ပါ ဝင်ငွေရနေတဲ့ စီမံကိန်းတွေဖြစ်နေတာကြောင့် လုပ်ငန်းရပ်ဆိုင်းတဲ့အထိ ဆက်လက်ဆန္ဒပြသွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဆန္ဒကတော့ ပြနေကြတုန်းပဲ။ ပြည်သူလူထု လက်မခံထားတဲ့ စစ်အစိုးရကို ကူညီထောက်ပံ့ပေးနေတဲ့ တရုတ်ကုမ္ပဏီတွေဖြစ်တာကြောင့် ကျွန်တော်တို့က ဆန္ဒပြရခြင်းဖြစ်ပါတယ်”
စီမံကိန်းဧရိယာအနီးတစ်ဝိုက်မှာ စစ်ကောင်စီက လုံခြုံရေးယူထားတာကြောင့် ဒေသခံတွေက လုံခြုံမှုရှိနေတဲ့ သူတို့ကျေးရွာတွေမှာ စုပေါင်းဆန္ဒပြနေကြတာလို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတစ်ဦးက ပြောပါတယ်။
“ဆန္ဒပြတာက နေ့စဥ်ပြနေတာပါ။ စီမံကိန်းဧရိယာနားမှာ စစ်တပ် လုံခြုံရေးယူထားတော့ အဲဒီအနီးအနားတွေမှာ သွားပြလို့မရဘူး။ လုံခြုံတဲ့နေရာတွေမှာပဲ ပြနေကြတာပါ။ အခုဆိုရင် ဆန္ဒပြတာ တစ်လနီးပါးရှိနေပါပြီ”
ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီ လုပ်ငန်းခွင်ထဲကို ပြီးခဲ့တဲ့မေလဆန်းပိုင်းမှာ တရုတ်နိုင်ငံသား ရှစ်ဆယ်နီးပါး ထပ်ရောက်လာပြီး စီမံကိန်း ဆက်လက်လည်ပတ်နိုင်ရေး ကြိုးပမ်းနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ နေပြည်တော်မှာတွေ့ဆုံခဲ့စဥ်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ မြန်မာ့စီးပွားရေး တိုးတက်ဖို့အတွက် တရုတ်ကကူညီဖို့နဲ့ နိုင်ငံတကာ မျက်နှာစာမှာ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ တရုတ်ကုမ္ပဏီတွေကို လုပ်ငန်းရပ်ဆိုင်းဖို့ ဒေသခံတွေ တောင်းဆိုနေကြတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအာင်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အလားတူ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်ခဲ့ပေမဲ့ တစ်စုံတစ်ရာအကြောင်းပြန်လာတာ မရှိသေးပါဘူး။
မြန်မာဝမ်ပေါင်ကုမ္ပဏီကတော့ ကြေးနီစီမံကိန်းထဲမှာ အချိန်ကြာမြင့်စွာ အသုံးမပြုဘဲထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေက စက်ကိရိယာတွေရဲ့ ချို့ယွင်းချက်တွေကို ရှာဖွေစစ်ဆေးတာနဲ့ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို တစ်ခုပြီးတစ်ခု လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြီးခဲ့တဲ့ဧပြီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လကတော့ စီမံကိန်းတိုးချဲ့ဖို့အတွက် စီမံကိန်းဧရိယာနားက ဆည်တဲ၊ ဝက်မှေး၊ ဇီးတော၊ ကန်တော် စတဲ့ကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီက အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခဲ့ပြီး ခြံစည်းရိုးခတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောဆိုထားကြပါတယ်။
(မှတ်ချက် - ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတစ်ဦး၏ ပြောကြားချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)