‌တောင်ဒဂုံမြို့နယ်က အာဏာရှင်ဆန့်ကျင်ရေးသပိတ် အိမ်စီးကားနဲ့တိုက်ပြီး ဖြိုခွင်းခံရ

2022.07.27
‌တောင်ဒဂုံမြို့နယ်က အာဏာရှင်ဆန့်ကျင်ရေးသပိတ် အိမ်စီးကားနဲ့တိုက်ပြီး ဖြိုခွင်းခံရ ဒီမိုကရေစီအရေးလှုပ်ရှားသူများအား စစ်ကောင်စီက ကွပ်မျက်မှုအပေါ် ဆန့်ကျင်ကြောင်း ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြနေချိန် အိမ်စီးကားဖြင့် ဖြိုခွင်းခံခဲ့ရသည့် မြင်ကွင်း။
ဓာတ်ပုံ - လူငယ်များသမဂ္ဂ(ဗဟို)

ရန်ကုန်တိုင်း၊ ‌တောင်ဒဂုံမြို့နယ်က အာဏာရှင်ဆန့်ကျင်ရေး သပိတ်တစ်ခုကို ဒီနေ့ ဇူလိုင် ၂၇ ရက်၊ နေ့လယ်ပိုင်းက အိမ်စီးကားနဲ့တိုက်ပြီး ဖြိုခွင်းခံခဲ့ရတယ်လို့ သပိတ်မှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်က တောင်ဒဂုံမြို့နယ်၊ ဂိတ်ဟောင်းမှတ်တိုင်အနီးမှာ အိမ်စီးကား Toyota Mark II အဖြူရောင်တစ်စီးနဲ့ ဝင်တိုက်ပြီး ဖြိုခွင်းခံရတာဖြစ်တယ်လို့ ပါဝင်ခဲ့တဲ့ လူငယ်များသမဂ္ဂ (ဗဟို) ရဲ့ ဥက္ကဋ္ဌ ကိုဇော်ထက်က RFA ကို ပြောပါတယ်။

"ကားနဲ့တိုက်တော့ ကျွန်တော်တို့ ချက်ချင်းပြေးတယ်။ အဲဒီအချိန်မှာ ကားပေါ်ကနေ အင်္ကျီအပြာကွက်၊ ပုဆိုးအပြာနဲ့ လူတစ်‌ယောက် ဆင်းလာတယ်။ အသက် ၄၀ အထက်လို့ ယူဆရတယ်။ အသားမဲမဲ ဒေါင်ကောင်းကောင်း၊ ဆံပင်တိုတို"

ကားနဲ့တိုက်ခဲ့ပြီးနောက်မှာ လိုက်လံဖမ်းဆီးတာမျိုး ရှိခဲ့တယ်လို့ သူကပြောပြပါတယ်။ ဒီလို ဖြိုခွင်းခံရတာကနေ ဖမ်းဆီးခံရသူနဲ့ ထိခိုက်သူတွေ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်တာနဲ့ နောက်ထပ်သေဒဏ်ပေးဖို့ စီစဉ်နေတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ လူငယ်များသမဂ္ဂ (ဗဟို)နဲ့ လူငယ်များသမဂ္ဂ(ပုသိမ်)က "တရားတဲ့သူသာ နိုင်ကြေးဟေ့" ဆိုတဲ့ စာတန်းနဲ့ ဆန္ဒပြခဲ့ကြတာပါ။

ဒီဖြစ်ရပ်မတိုင်ခင် ပြီးခဲ့တဲ့ မေလက သင်္ဃန်းကျွန်းမြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ) သပိတ်စစ်ကြောင်းတစ်ခုဟာ အိမ်စီးကားနဲ့ ဖြိုခွင်းခံရပြီး ဆန္ဒပြလူငယ်ငါးယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဆန္ဒပြလှုပ်ရှားသူတွေကို အိမ်စီးကား၊ စစ်ကားတွေ အသုံးပြုပြီး ရန်ကုန်မြို့မှာ ဖြိုခွင်းတာဟာ ဒီဖြစ်ရပ်အပါအဝင် အနည်းဆုံး လေး‌ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။