ကျောင်းမြေမှာ လူနေအိမ်ဆောက်လုပ်မှု ဆန္ဒပြသူ ၄ ဦး ထောင်ဒဏ်အပြစ်ပေးခံရ


2014.09.19

မြင်းခြံမြို့က အမှတ် ၁၆ မူလတန်းကျောင်းမြေမှာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက လူနေအိမ်တွေဆောက်လုပ်နေတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့သူတွေထဲက ၄ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားပြီး ဒီနေ့မှာတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လဆီကျခံဖို့ မြင်းခြံခရိုင်တရားရုံးက အမိန့်ချလိုက်ပါတယ်။

သူတို့ ၄ ယောက်တော့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့က ကိုမျိုးဟန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဦးထင်အောင်ကျော်၊ ကိုအောင်စိုးသိန်းနဲ့ဦးတိုးမောင်တို့ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တရားရုံးမှာသွားရောက်နားထောင်ခဲ့တဲ့ ဧရာဝတီသွေးလှူရှင်အသင်းက ကိုဖြိုးဟန်က အခုလိုပြောပါတယ်။

"ပုဒ်မ ၁၈ နဲ့ ထောင်ချခံရတဲ့ဟာကတော့ အမှတ် ၁၆ မူလတန်းကျောင်း ပြန်လည်ရရှိရေးအတွက်ပေါ့ ဆန္ဒပြတဲ့ပုဂ္ဂိုလ် ၄ ယောက် ကိုမျိုးဟန်၊ ဦးထင်အောင်ကျော်၊ ဦးတိုးမောင်နဲ့ ကိုအောင်စိုးသိန်းတို့ပေ့ါဗျာ အခုမနက် ၁၁ နာရီထိုးလောက်မှာ ပုဒ်မ ၁၈ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ ဆိုပြီးချသွားတယ်"

သူတို့ဆန္ဒပြခဲ့တဲ့အကြောင်းနဲ့ပတ်သက်လို့ မြို့ခံတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးနိုင်က အခုလိုပြောပါ တယ်။

"အမှတ် ၁၆ မူလတန်းကျောင်း မြေနေရာထဲမှာ တိုင်းဝန်ကြီးက အိုးအိမ် ကန်ထရိုက်တိုက်ဆောက်တာပေ့ါ အဲ့ဒါကိုသူတို့ အဲ့ဒီမူလတန်းကျောင်းမြေကို ပြန်ပေးဖို့ဆိုပြီး ဆန္ဒပြကြတာ"

အဲဒီကျောင်းမြေနေရာကိစ္စအတွက် သူတို့ ၄ ဦးအပါအဝင်မြို့ခံပြည်သူတွေက လွန်ခဲ့တဲ့ ၆ လလောက်က ဆန္ဒပြခဲ့တာပါ။ ဒီအတွက်တရားဆွဲခါစက သူတို့ ၄ယောက်နဲ့အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ရင်ဆိုသူပါပါခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ဦးကျော်ရင်ကိုပြန်လွှတ်ပေးလိုက်တယ်လို့ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။