ကိုဇေယျာလွင် အပါအဝင် ဆန္ဒပြကျောင်းသား ၅ ဦးကို အမှုဖွင့်


2015.07.01
students-constitution-620.jpg ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဟောပြောနေတဲ့ တကသအဖွဲ့ဝင် ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်ကို ဇွန်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှာ တွေ့ရစဉ်
Photo: Aung Thain Kha/RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလွှတ်တော် ထဲက နှုတ်ထွက်သွားဖို့အတွက် တောင်းဆို ဆန္ဒပြခဲ့တဲ့ အထဲက ကျောင်းသား ၅ ဦးကို ပန်းပဲတန်းနဲ့ ကျောက် တံတား ရဲစခန်းတွေက ပုဒ်မ ၁၈ နဲ့အမှုဖွင့်လိုက်ပါတယ်။

ကျောင်းသားတွေကို တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပြီလို့ ရန်ကုန်တိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးက အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

"ကျောက်တံတားရယ်၊ ပန်းပဲတန်းရယ် တစ်မှုစီ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈၊ ကျောင်းသားအရေအတွက် က ၅ ဦး"

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသအဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း၊ ကိုရဲဇာနည်ထွန်းနဲ့ ကိုမင်းသုကျော်တို့ ၅ဦးကို ပုဒ်မ ၁၈ နဲ့အမှုဖွင့် လိုက်တာဖြစ်ပါတယ်။

မနေ့က တကသအဖွဲ့ဝင်တွေအပါအဝင် ကျောင်းသူကျောင်းသား ၃၀ ကျော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်သွားရေးအတွက် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေမြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးရတနာပုံတက္ကသိုလ်က ဗကသ ကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦးနဲ့ ကိုဂျစ်တူးတို့ကို အမရပူရရဲစခန်းက ဒီနေ့ညနေ ၃နာရီခန့်မှာ တရားမဝင်စီတန်းလှည့်လည်မှုပုဒ်မ ၁၈၊ ဥပဒေ နှင့်ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှုပုဒ်မ ၁၄၃ ၊ ရုတ်ရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇နဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) စတဲ့ အမှု ၄ခုနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အိုးဘိုထောင်မှာ ဖမ်းဆီးလိုက် ပါတယ်။

ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦးနဲ့ ကိုဂျစ်တူးတို့ဟာ လက်ပံတန်းကျောင်းသားသပိတ်မှာ ပါဝင်ခဲ့သလို ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ရတနာပုံ တက္ကသိုလ်ကျောင်းအုတ်နံရံ မှာ ကျောင်းသားတွေကိုအကြမ်းဖက်မှုကို ရံှု့ချကြောင်း မှုတ်ဆေး နဲ့ရေးသားခဲ့တာကြောင့် ထိန်းသိမ်းလိုက်တာလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။