တီကျစ် ကျောက်မီးသွေးစက်ရုံ ပိတ်သိမ်းဖို့ ဒေသခံ ရာနဲ့ချီ ဆန္ဒပြ
2019.04.06

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်မှာရှိတဲ့ တီကျစ် ကျောက်မီးသွေးစက်ရုံနဲ့ ကျောက်မီးသွေးမိုင်းကို အပြီးပိတ်ပေးဖို့ MATA အဖွဲ့က ဦးဆောင်ပြီး အင်အားရာနဲ့ချီတဲ့ ဒေသခံတွေဟာ တီကျစ်ဒေသမှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တီကျစ်ဒေသမှာ ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံနဲ့ ကျောက်မီးသွေးမိုင်းက ပြာတွေကြောင့် သောက်သုံးရေတွေ အဆိပ်သင့်နေတာကြောင့် အစိုးရအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်ကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ MATA အဖွဲ့ ရှမ်းပြည်နယ် အလုပ်အဖွဲ့က ဦးအောင်ကျော်မိုးက RFA ကို ပြောပါတယ်။
ဆန္ဒပြသူတွေဟာ ပင်လောင်းစိုက်ပျိုးရေးကွေ့ကနေ တီကျစ်ကျောက်မီးသွေးစက်ရုံရှေ့ထိ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
MATA အဖွဲ့ဟာ ၂၀၁၈ ခုနှစ် မတ်လက တီကျစ် ကျောက်မီးသွေးစက်ရုံကို ဗဟိုပြုပြီး စက်ရုံအနီးနားက နေရာ ၁၃ ခုမှာ ရေထုကို တိုင်းတာခဲ့သလို နေရာ ၃ ခုမှာ လေထုကို တိုင်းတာစစ်ဆေးခဲ့ပါတယ်။
အဲဒီစစ်ဆေးချက်အတွေအရ ရေထုနဲ့ လေထုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်ထက် အာဆင်းနစ်ပါဝင်မှု ၅ ဆကနေ ၂၇ ဆ အထိ ကျော်လွန်နေတာကို တွေ့ရကြောင်း ပြီးခဲ့တဲ့နှစ် သြဂုတ်လက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
တီကျစ် ကျောက်မီးသွေးစက်ရုံကို ၂၀၀၅ ခုနှစ်မှာ စတင်လည်ပတ်တာဖြစ်ပြီး အကြီးစားပြင်ဆင်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက် အစီရင်ခံစာ မပြီးသေးဘဲ ပြန်လည်စမ်းသပ်ပြီး လည်ပတ်ခဲ့တာကြောင့် ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်နေတာဖြစ်ပါတယ်။
ဒီဧပြီလကုန်မှာ အစိုးရက ခွင့်ပြုပေးထားတဲ့ စမ်းသပ်လည်ပတ်ခွင့် ၂ နှစ် သက်တမ်းပြည့်တော့မှာ ဖြစ်တာကြောင့် နောက်ထပ် လုပ်ကိုင်ခွင့်သက်တမ်း မတိုးပေးဖို့ကိုလည်း ကျောက်မီးသွေးအသုံးပြုမှု ဆန့်ကျင်ကန့်ကွက်သူတွေက တောင်းဆိုနေကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။