မိုင်းကိုင်ကျောက်မီးသွေးစီမံကိန်းကို သမ္မတရုံးက လုပ်ကိုင်ခွင့်ပြု
2018.06.11

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်မှာ ဟိန်းမေတ္တာသတ္တုတူးဖော်ရေးကုမ္ပဏီက တူးဖော်မယ့် ကျောက်မီးသွေး စီမံကိန်းကို ဒေသခံတွေကန့်ကွက်ခဲ့မှုကြောင့် ယာယီရပ်ဆိုင်းထားခဲ့ရာကနေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်အပြီး နိုင်ငံတော်သမ္မတရုံးက ကုမ္ပဏီကို ၂ဝ၂ဝ အထိ လုပ်ငန်းပြန်လုပ်ခွင့်ပြုဖို့ ညွှန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းက သမ္မတရုံးရဲ့ ညွှန်ကြားစာရောက်ရှိလာတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသခံတွေကို တွေ့ဆုံရှင်းလင်းပြဖို့ စီစဉ်နေတယ်လို့ ရှမ်းပြည်နယ်လွှတ်တော်၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လျှပ်စစ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးစိုင်းလင်းမြတ်က ပြောပါတယ်။
"မေလ ၃ဝ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေဆီကို အကြောင်းပြန်လာတာ။ ယာယီရပ်ဆိုင်းထားမှု အပေါ် လုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ ၆/၂ဝ၁၈ အစည်းအဝေး ဆုံးဖြတ် ချက်အရ နိုင်ငံတော်သမ္မတရုံးမှ ဟိန်းမေတ္တာကုမ္ပဏီအား စာချုပ်သက်တမ်းကုန်သည်အထိ ဆက်လက်လုပ်ကိုင် ခွင့်ပြုရန်ဆိုပြီးတော့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဦးစီးဌာနကို ပို့လာတာ။ ၂ဝ၂ဝ ထိ ဆက်လက်လုပ်ကိုင် ခွင့်ပြုတယ်ပေါ့။ ခုလွှတ်တော်ကိုယ်စားလှယ်တွေ မိုင်းကိုင်မှာ ပြည်သူလူထုကို ပြန်ပြီးတော့ ချပြမယ်ပေါ့နော်"
ပြည်ထောင်စုအစိုးရက ဟိန်းမေတ္တာကုမ္ပဏီကို ပြီးခဲ့တဲ့နှစ်မှာ မိုင်းကိုင်မြို့နယ်အတွင်းက မြေဧက ၂ဝဝ ခန့်မှာ ကျောက်မီးသွေးတူးဖော်ခွင့် ချထားပေးခဲ့တာဖြစ်ပြီး ကုမ္ပဏီက ၂ လခန့်အကြာ လုပ်ငန်းလုပ်ကိုင် အပြီးမှာ ဒေသခံတွေက စတင်ကန့်ကွက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်လွှတ်တော်က သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နဲ့ လျှပ်စစ်ရေးရာကော်မတီ၊ တရားဥပဒေစိုးမိုးရေးကော်မတီနဲ့ တိုင်ကြားစာစိစစ်ရေးကော်မတီတို့က စုံစမ်းစစ်ဆေး မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
လွှတ်တော်ရေးရာကော်မတီတွေဘက်က သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တဲ့ အကျိုးဆက်တွေအပြင် ဒေသခံတွေက ကုမ္ပဏီကို လက်မှတ်ရေးထိုးပေးခဲ့တာမှာ လုပ်ငန်းလုပ်ပိုင်ခွင့်အတွက် ထောက်ခံပေးခဲ့တာ မဟုတ်ကြောင်းနဲ့ လက်ရှိကျောက်မီးသွေး တူးဖော်နေတဲ့မြေဟာ ပိုင်ရှင်မဲ့မြေဖြစ်တဲ့အကြောင်းသာ လက်မှတ်ရေးထိုးပေးတာဖြစ်တယ် ဆိုတဲ့ ပြောကြားချက်တွေကို ရှမ်းပြည်နယ်အစိုးရထံ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
လွှတ်တော်ရေးရာကော်မတီတွေရဲ့ တင်ပြချက်တွေကို ရှမ်းပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရ ထံတင်ပြပြီးနောက်မှာ ပြည်ထောင်စုအစိုးရက ကုမ္ပဏီကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြန်လည်ချထားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဦးစိုင်းလင်းမြတ်က ပြောပါတယ်။