မင်းလှမှာ ကျောက်မီးသွေးတွင်းပြိုပြီး လေးဦး ပိတ်မိ
2019.08.26

မကွေးတိုင်း မင်းလှမြို့နယ် အင်ကြင်းတောင်မှာ မနေ့က ကျောက်မီးသွေးတွင်း ပြိုကျတဲ့အတွက် တွင်းထဲမှာပိတ်မိနေတဲ့ အလုပ်သမားလေးဦးကို ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။
တွင်းထဲမှာ သဲတွေနဲ့ဖုံးနေတာကို တွေ့ရှိခဲ့ပြီး၊ လောလောဆယ် အလုပ်သမားနှစ်ဦးရဲ့အလောင်းတွေကို မြေပေါ်ကို သယ်ယူနိုင်ခဲ့ပြီလို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ကျန်တဲ့ အလုပ်သမားတွေ အသက်ရှင်လျက် ရှိမရှိကိုတော့ ကုမ္ပဏီက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
မင်းလှမြို့နယ် ဆပ်ပြာကျေးရွာနဲ့ ၅ မိုင်လောက်အကွာက အင်ကြင်းတောင်မှာ မနေ့ညနေက မိုးသည်းထန်တဲ့အတွက် ကျောက်မီးသွေးတွင်းထဲကို တောင်ကျရေတွေ စီးဝင်ပြီး မြေပြိုကျခဲ့တာပါ။
အခုပြိုကျတဲ့ အင်ကြင်းတောင် ကျောက်မီးသွေးတွင်းဟာ အသေးစား ကျောက်မီးသွေးတွင်းလုပ်ကွက် ဖြစ်ပြီး၊ စမ်းသပ်တူးဖော်နေတာ ခြောက်လလောက်သာ ရှိသေးတယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်မှာ အသေးစား ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက် ၂ဝ နဲ့၊ အလတ်စား ကျောက်မီးသွေးတူးဖော်ရေး လုပ်ကွက်တစ်ခု လုပ်ပိုင်ခွင့် ချထားပေးတယ်လို့ သိရပါတယ်။