လောက်ကိုင်မှာ MNDAA တပ်ဖွဲ့ဝင်တစ်ဦး စေတီဖျက်ဆီးတဲ့အပေါ် ရန်ကုန်နဲ့မန္တလေးမှာ ဆန္ဒပြ

RFA Burmese
2024.01.10
လောက်ကိုင်မှာ MNDAA တပ်ဖွဲ့ဝင်တစ်ဦး စေတီဖျက်ဆီးတဲ့အပေါ် ရန်ကုန်နဲ့မန္တလေးမှာ ဆန္ဒပြ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှ စေတီ ဖျက်စီးခံရသည်ကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံအနီးတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့က ဆန္ဒပြကြစဉ်။
People Media

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ဆီအောရွာကစေတီတစ်ခုကို ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့ဝင်တစ်ဦးက တူနဲ့ထုရိုက် ဖျက်ဆီးခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း ဇန်နဝါရီ ၁၀ ရက်နေ့ ရဟန်းသံဃာတချို့နဲ့ စစ်ကောင်စီတပ်ကို ထောက်ခံသူတွေ ရန်ကုန်နဲ့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်တစ်ဦး စေတီကိုဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင်ဟာ ဇန်နဝါရီ ၈ ရက်နေ့က လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးတစ်ဝိုက်နဲ့ မန္တလေးမြို့က နေရာတချို့မှာ စုဝေးဆန္ဒပြခဲ့ကြတာပါ။

(MNDAA) ကတော့ အခုလို စေတီကိုဖျက်ဆီးဖို့ အမိန့်ပေးတာမျိုးမရှိဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်သာဖြစ်တယ်လို့ ဇန်နဝါရီလ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်အောက်ငယ်သားတွေရဲ့ တပ်စည်းမျဉ်းစည်းကမ်း ညံ့ဖျင်းမှုနဲ့ အရည်အချင်းမရှိတဲ့ လုပ်ရပ်အတွက် တောင်းပန်ကြောင်းနဲ့ တရားခံကိုအရေးယူဖို့ ညွှန်ကြားထားတယ်လို့လည်း (MNDAA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စအပေါ်တုံ့ပြန်မှုရဖို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြန်ကြားရေးတာဝန်ခံ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်ကို RFA က ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

အဲဒီလုပ်ရပ်ဟာ ဘာသာရေးနဲ့ မြန်မာတစ်မျိုးသားလုံးကို စော်ကားတဲ့ပုံစံဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ပြောကြားချက်ကို စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ဇန်နဝါရီ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်အစိုးရကတော့ မြန်မာနိုင်ငံအပါအဝင် ၁၂ နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ အထူးစိုးရိမ်ပူပန်ရတဲ့ Country of Particular Concern (CPC) နိုင်ငံတွေအဖြစ် ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီနိုင်ငံတွေထဲမှာ မြန်မာ၊ တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ နီကရာဂွာ၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဘီးယား၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန် နိုင်ငံတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

morris
2024-01-11 11:42

how many church buildings are destroyed by burmese soldiers?