စိုက်ခင်းတွေပျက်စီးလို့ ဝမ်ပေါင် ကုမ္ပဏီကို အရေးယူဖို့ ဒေသခံတွေ တောင်းဆို


2018.12.15
lpt-protest-moneywa-622.jpg ကြေးနီစီမံကိန်းက ထွက်တဲ့ အက်စစ်ငွေ့တွေကြောင့် အနီးနား ကျေးရွာတွေက သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုရှိနေတဲ့အတွက် ဝမ်ပေါင်ကုမ္ပဏီကို အရေးယူပေးဖို့ တောင်သူတွေ ၂၀၁၈၊ ဒီဇင်ဘာ ၁၅ ရက်နေ့က မုံရွာမြို့မှာ ဆန္ဒပြကြစဉ်
Photo: Khaing Khaing Soe

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ထွက်တဲ့ အက်စစ်ငွေ့တွေကြောင့် စီမံကိန်းအနီး ကျေးရွာတွေက သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုရှိနေတဲ့အတွက် ဝမ်ပေါင်ကုမ္ပဏီကို အရေးယူပေးဖို့ စီမံကိန်း ဧရိယာအနီးတစ်ဝိုက်က နေထိုင်ကြတဲ့ ကျေးရွာတွေက တောင်သူ ၁၅၀ ကျော် ဒီနေ့ မုံရွာမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီနေ့ နေ့လည် ၁ နာရီမှာ မုံရွာမြို့ နာရီစင်ကနေ မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကျောက်ဖြူတိုင် ကျေးရွာက ဦးခိုင်စိုး ကပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက မိုင်းခွဲလို့ ထွက်တဲ့ အငွေ့တွေနဲ့ အက်စစ်ငွေ့တွေကြောင့် ကျောက်ဖြူတိုင်၊ ဇီးတောရွာသစ်၊ တုံရွာ၊ အလယ်ရွာနဲ့ ဖောင်းကဒါးရွာက ကွမ်းပင်တွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒါ့အပြင် ပဲစင်းကုန်၊ ပြောင်းနဲ့ နှမ်းခင်တွေလည်း ပျက်စီးမှုတွေ ဖြစ်နေတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအနီးက မိုးကြိုးပြင်၊ ဆည်တည်းနဲ့ ကျောက်ဖြူတိုင်ကျေးရွာက ဒေသခံတွေ ဒီနေ့ စုပေါင်း ဆန္ဒထုတ်ဖော်ကြတာဖြစ်ပြီး ဆန္ဒပြပွဲကို အစိုးရထံ ခွင့်ပြုချက် တောင်းခံပြီး လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

လက်ပံတောင်းဒေသခံတွေအနေနဲ့ မုံရွာမြို့မှာ ဆန္ဒပြခွင့်ရတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဆန္ဒပြတောင်သူတွေဟာ ပတ်ဝန်းကျင်ထိခိုက်တဲ့ စီမံကိန်းတွေ အလိုမရှိကြောင်း၊ မြေယာလျော်ကြေးကို ဝန်ကြီးချုပ်က ဦးဆောင်ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မြေယာလျော်ကြေးပြဿနာတွေ ကျန်ရှိနေသေးတဲ့ အကြောင်းကို ဆည်တည်းကျေးရွာက ဒေါ်ရီရီဝင်း ကအခုလို ပြောပါတယ်။

"လျော်ကြေး မယူသေးတာက ဧကပေါင်း ၂၀၀၀ ကျော် ကျန်သေးတယ်။ လျော်ကြေးမယူသေးတဲ့ တောင်သူတွေက တောင်သူလည်း လုပ်စားလို့မရဘူးလေ။ အထဲထဲ ပါသွားတော့။ လုပ်မစားရတဲ့ အခါကျတော့ သီးနှံနစ်နာကြေးလည်း တောင်းဆိုတယ်။ မြေယာလျော်ကြေးကိုလည်း အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးပါလို့ တောင်းဆိုတယ်။ ပထမတုံးက ၁၈ သိန်းဆိုတာကို ပေးတယ်။ ကျမတို့က ၁၈ သိန်းဆိုတာကို ကျေနပ်မှုလည်း လုံးဝမရှိဘူး"

ဒါ့အပြင် ဆန္ဒပြတောင်သူတွေဟာ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီကို အလိုမရှိကြောင်းနဲ့ ကုမ္ပဏီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို လိုက်နာမှုမရှိကြောင်းတွေကိုလည်း ပြောကြားခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးရေးအစီရင်ခံစာမှာ မြေယာလျှော်ကြေးတွေကို ကာလပေါက်ဈေးထက် မနည်းဘဲ ပေးဖို့ ထည့်သွင်းပြောထားတာရှိပေမယ့် လက်ရှိ ကာလပေါက်ဈေး သိန်းရာကျော် ပေးတာမရှိဘဲ ၁ ဧကကို ၁၈ သိန်းခန့်သာ ပေးလျော်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုမ္ပဏီဘက်က စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးမှု မရှိသေးတဲ့ အချက်တွေရှိတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ တုံတောကျောင်းကျေးရွာက ဒေါ်စန်းနွဲ့ က ပြောပါတယ်။

"ဒေါ်စုကိုယ်တိုင်က လယ်တီသိမ်ကို မူလပုံစံမပျက် ရွှေ့ပြောင်းပေးမှသာလျှင် ရွှေ့ပြောင်းပေးရမယ်ဆိုတာကို သူတို့က မြေတူးစက်နဲ့ ကုတ်ပြီးတော့ ရွှေ့ပေးလိုက်ကြတယ်။ အစားထိုးမြေဧက ၁၉၀၀ ကို ကျေးရွာအနီး ဖော်ဆောင်ပေးရမယ်ဆိုတာကိုလည်း သူတို့ ဖော်ဆောင်ပေးခြင်းမရှိဘူး။ စီမံကိန်းဟာ နိုင်ငံတော် စီမံကိန်းမို့ မဖြစ်မနေ လုပ်ရာမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ရမယ်ဆိုတာကို အခုဟာက ဒေသခံတွေမှာ သဘာဝပတ်ဝန်းကျင်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်နေတယ်"

ကျောက်ဖြူတိုင်ကျေးရွာမှာ နေထိုင်တဲ့ ဦးခိုင်စိုးက အက်စစ်ငွေ့တွေကြောင့် သူ့ကွမ်းခြံတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

"ကွမ်းပင်တွေဆိုရင် အမှုန်တွေကော အက်စစ်ငွေ့တွေကော ကျတာကြောင့် ပျက်စီးသွားတယ်။ ရောင်းလိုမရအောင် ဖြစ်သွားတယ်။ ကျနော်တို့ဆီမှာ ၄ ရွာလောက် ဖြစ်သွားတယ်။ အရင်နှစ်က အဲလိုမျိုးမဖြစ်ဘူး။ စီမံကိန်း စလုပ်တော့ မိုင်းခွဲတာ အက်စစ်ဖျန်းတာကြောင့် အက်စစ်ငွေ့တွေ ရောက်ပြီး အခုလိုဖြစ်တာ။ ပဲစင်းကုန်၊ ပြောင်း၊ နှမ်း အကုန်လုံး ထိခိုက်မှုတွေရှိတယ်။ အဖျားတွေခြောက်ပြီး အသီးအပွင့်မပွင့်တော့ဘဲ အကုန်လုံး ဆုံးရှုံးမှုတွေ ဖြစ်ကုန်တယ်"

ကျောက်ဖြူတိုင်မှာ ကွမ်းခြံပေါင်း ၁၀၀ ကျော်နဲ့ အပင်ရေပေါင်း ၁ သိန်းကျော်ကနေ ၂ သိန်းကြား ပျက်စီးမှုတွေရှိပြီး ဆည်တည်းရွာမှာ နှမ်းစိုက်ခင်း ၁၅၀ ကျော်ပျက်သလို တုံတောကျောင်းဘက်မှာလည်း သီးနှံတွေ စိုက်ပျိုးမရဖြစ်နေတယ်လို့ ပြောပါတယ်။

ဆန္ဒပြတောင်သူတွေဟာ ကြေးနီစီမံကိန်းကို အလိုမရှိကြောင်းနဲ့ ဒီစီမံကိန်းကို ရပ်တန့်ပေးဖို့အတွက် ကြွေးကြော်ခဲ့ကြပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။