သတင်းထောက်သေဆုံးမှု အဖွဲ့ ၃ဝ ကျော် သဘောထား ထုတ်ဖေါ်မည်


2014.10.25
pargyi-305 အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ပုံ
Photo: Par Gyi Facebook

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရတဲ့အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့သတ်ဖြတ် အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က ဒီကနေ့ သဘောထားထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ် နဲ့ ဒီကေဘီအေ တပ်ဖဲ့ွတွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့လို့ လိုက်လံစုံစမ်းရာမှာ စစ်တပ်က ဖမ်းဆီးခဲ့ တာဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောဆိုခဲ့ပြီး၊ လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့သလို၊ သတင်းစာရှင်းလင်းပွဲ လည်းကျင်းပခဲ့ပါတယ်။

သတင်းမီဒီယာနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာလည်း ဒီသတင်းပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တက်က သတင်းထုတ်ပြန်ခဲ့ရာမှာ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့ ဗိုလ်မှူ းစောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်း၊ စက်တင်ဘာလ ၃ဝ ရက်နေ့က သူ့ကိုဖမ်းမိခဲ့ပြီး ထိန်းသိမ်းထားစဉ်မှာ အောက်တိုဘာ လ ၄ ရက်နေ့ညက သေနတ်လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့ရာမှာ ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံး ခဲ့လို့ မြှုုပ်နှံ သဂြိုလ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကတော့ ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတွေ ရှိကြောင်း၊ နိုင်ငံသားတစ်ဦးအပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၅ ရက် မနေ့က ရန်ကုန်မြို့ ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းမှာ နိုင်ငံရေးအင်အားစုတွေ၊ လူမူရေးအဖွဲ့အစည်းတွေစတဲ့ အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး Generation Wave အဖွဲ့က ကိုမိုးသွေးက အခုလိုပြောပါတယ်။

"၈၈ မျိုးဆက် အခြေခံကျောင်းသားများသမဂ္ဂပေါ့နော်၊ နောက်ပြီးတော့ လူ့ဘောင်သစ်ပါတီတို့ စသည်ဖြင့် အင်အားစုတွေအားလုံး ကျနော်တို့ Generation Wave အပါအဝင်ပေါ့၊ အင်အားစုတွေ အများကြီးတက်ကြတယ်လေ၊ တက်ပြီးတော့ အဓိကတော့ ကျနော်တို့ ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့တွေ ဘယ်လိုပြန်ပြီးတော့မှ ကျနော်တို့ရဲ့ သဘောထားတွေ ဘယ်လိုလဲ ဆိုတာကို ဆွေးနွေးတယ်၊ ကျနော်တို့ တရားမျှတမှှုတွေ ပေါ်ပေါက်အောင် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေးတယ်"

အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၂၆ ရက်၊ ညနေ ၄ နာရီ၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ “ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့အတွက် သဘောထားထုတ်ဖော် သည့်လှုပ်ရှားမှု ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမူမှာ အစည်းအဝေးတက်ရောက်ခဲ့တဲ့အဖွဲ့ ၁၉ ဖွဲ့အပြင်၊ တခြားအဖွဲ့တွေပါ ပူးပေါင်းပါဝင်မှာ ဖြစ်လို့ စုစုပေါင်း အဖွဲ့  ၃၃ ဖွဲ့က သဘောထားဖေါ်ထုတ်ကြမယ်လို့ သိရပါတယ်။

ဒီၤလှုပ်ရှားမူနဲ့ပတ်သက်ပြီး မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က ကိုမိုးသွေးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။