တပ်ကြပ် တစ်ဦးနဲ့ ဒုရဲမှူးကို အရေးယူပေးဖို့ တိုင်ကြား
2017.07.19

ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ကြပ်စိုးမြင့်အောင်နဲ့ ဗဟန်းမြို့မရဲစခန်းက ဒုရဲမှူး အေးမင်းသိန်းတို့ကို နိုင်ငံသား များရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ပေးရေး ဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူပေးဖို့ ဗဟန်းမြို့နယ်တရားရုံးကို မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဦးတိုက်လျှောက်ထားလိုက်ပါတယ်။
သတင်းသမားတွေကို နောက်ယောင်ခံဓာတ်ပုံရိုက်တဲ့ တပ်ကြပ်ကို အရေးယူပေးဖု့ိ ဗဟန်းရဲစခန်းကို တိုင်ကြားတဲ့ အခါမှာ ဒုရဲမှူးက ရဲလုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ဆောင်တာတွေရှိတာကြောင့် သူ့ကိုပါ အဲဒီဥပဒေနဲ့ အရေးယူပေးဖို့ တိုင်တာဖြစ်တယ်လို့ မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
"အဓိကကတော့ အဲဒီတပ်ကြပ်ကတော့ ကျနော်တို့ သတင်းသမားတွေကို နောက်ယောင်ခံပြီး ဓာတ်ပုံရိုက်တယ်။ နောက်ပြီး အဲ့တပ်ကြပ်ကို ကျနော်တု့ိ ရဲစခန်းမှာ သွားတိုင်တဲ့ဟာကို ရဲဘက်ကနေပြီးတော့ ဥပဒေနဲ့ ငြိစွန်းမှု မရှိဘူးဆိုပြီးတော့ အကြောင်းပြန်စာထုတ်ပေးတယ်။ အဲ့တော့ ရဲလုပ်ငန်းသည် အဲ့ဒါမဟုတ်ဘူး။ ရဲသည် အပြစ်ရှိ သည် မရှိဘူး သူ့မှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့ တရားရုံးလုပ်ပိုင်ခွင့်ကိုကျော် လွန်ပြီးလုပ်တာ။ နောက်ပြီးတော့ အဲဒီလို အပြစ်ငြိစွန်းမှု မရှိဘူးဆိုပြီး ဆုံးဖြတ်တဲ့နေရာမှာ ကျနော်တို့ တိုင်တန်းတဲ့ တရားလိုတွေကို ခေါ်စစ်တာလည်း မရှိဘူး။ သက်သေအထောက်ထားတွေ တောင်းတာလည်း မရှိဘူး။ ရဲကိုလည်း အဲဒီဥပဒေနဲ့ ကျနော်တို့ ထပ်ပြီး အမှုဖွင့်တာပါ။"
အဲဒီလျှောက်ထားချက်ကို လက်ခံ၊ မခံ မနက်ဖြန် ဇူလိုင် ၂၀ ရက်နေ့မှာ တရားသူကြီးက ဆုံးဖြတ်ချက်ချမှာဖြစ် ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ဗဟန်းမြို့နယ်တရားရုံးမှာ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ တရားရုံးထုတ်ကို လာရောက်သတင်းယူတဲ့ သတင်းထောက်တွေကို တပ်ကြပ်စိုးမြင့်အောင်က လက်ကိုင်ဖုန်းနဲ့ နောက်ယောင်ခံပြီး ဓာတ်ပုံ၊ ဗွီဒီယိုတွေ ရိုက်ကူးခဲ့တာကြောင့် အခုလိုအရေးယူပေးဖို့ လျှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။