ဟားခါးမြို့မှာ ဘုရားကျောင်းအတွင်း လူငါးဦးနဲ့အထက်မစုဖို့ စစ်ကောင်စီတားမြစ်

RFA Burmese
2024.04.22
ဟားခါးမြို့မှာ ဘုရားကျောင်းအတွင်း လူငါးဦးနဲ့အထက်မစုဖို့ စစ်ကောင်စီတားမြစ် ချင်းပြည်နယ်၊ ဟားခါးမြို့တစ်နေရာအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ ဧပြီလ ၂၂ ရက်နေ့ကစပြီး ဈေးဆိုင်တွေ‌ကို ပိတ်ခိုင်းထားသလို ခရစ်ယာန်ဘုရားကျောင်းတွေမှာပါ လူငါးဦးနဲ့အထက်မစုကြဖို့ စစ်ကောင်စီတပ်က အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီရဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီး‌တွေလိုက်ပါလာတဲ့ ကားတွေကို CDF ဟားခါးအဖွဲ့က တိုက်ခိုက်ပြီးနောက် လူကြီးတချို့ ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ လူနေအိမ်၊ ဆိုင်ခန်းတွေနဲ့ ဘုရားကျောင်းတွေကို အကာအကွယ်ယူပြီး CDF အဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် အခုလိုအမိန့်ထုတ်ပြန်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလိုကန့်သတ်ချက်ဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အဟန့်အတားဖြစ်တယ်လို့ ‌လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မြို့သစ်ရပ်ကွက်မှာပဲ စစ်ကောင်စီ ပိတ်ထားတာပါ။ ဈေးဆိုင်တွေကတော့ ပိတ်ထားတာဟုတ်တယ်။ ဒါပေမဲ့ လူမစုရတဲ့ကိစ္စကကျတော့ တနင်္ဂနွေ ဘုရားကျောင်းတက်တဲ့အချိန်တွေ၊ သာ‌ရေးနာရေးတွေအတွက် အခက်အခဲဖြစ်မှာပဲ။ ဒါကကျတော့ ဘာသာရေးကို ထိခိုက်စေတယ်"

ကန့်သတ်ချက်တွေကိုမလိုက်နာရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း စစ်ကောင်စီတပ်က ဆိုပါတယ်။

ဧပြီလ ၁၂ ရက်နေ့က ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်လမ်းဆုံမှာ စစ်ကောင်စီရဲ့ ဝန်ကြီးတွေလိုက်ပါလာတဲ့ ယာဉ်တန်းကို CDF ဟားခါးအဖွဲ့က တိုက်ခိုက်ခဲ့ပြီး ၀န်ကြီးသုံးဦးအပါအ၀င် ကားပေါ်မှာ စီးနင်းလိုက်ပါလာသူ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ CDF ဟားခါးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။