RCSS နဲ့ PNLO အကြား ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးဖို့ UWSA ပြော
2019.01.07

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့အကြား စစ်ရေးပဋိပက္ခတွေကို အမြန်ဆုံး ကြားဝင်ဖြေရှင်းဆောင်ရွက်ပေးဖို့ အစိုးရနဲ့ တပ်မတော်ထံ အကူအညီတောင်းထားတယ်လို့ "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
PNLO နဲ့ RCSS တို့ တိုက်ပွဲတွေကြောင့် "ဝ" ပြည်နယ်တောင်ပိုင်း ၁၇၁ စစ်ဒေသကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ ကျော်နေပြီလို့လည်း သိရပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄၊ ၂၅ ရက်နေ့ကတည်းက ရောက်ရှိလာကြတာ ဖြစ်ပြီး အခုဆိုရင် လူဦးရေ ၅၀၀ လောက်ရှိနေပြီဖြစ်ကာ နောက်ထပ် ထွက်ပြေးလာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
RCSS နဲ့ PNLO တို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
အပစ်ရပ်လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ခုအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တပ်မတော်က စောင့်ကြည့်နေကြောင်း အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။