ရွေးကောက်ပွဲမဲပေးရေး I vote လှုပ်ရှားမှုပေါ်ပေါက်
2010.10.20
ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့တွေ့မြင် ကြားသိရပေမဲ့ ဘယ်အဖွဲ့အစည်းက ဦးဆောင် လှုပ်ရှားတာလဲဆိုတာ အတိအကျ မသိကြဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၄) ကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) က ဒေါက်တာမြတ်ဉာဏစိုးက RFA ကို ပြောပါတယ်။
ဒီလှုပ်ရှားမှုကို မြို့ထဲမှာ လုပ်သွားတယ်လို့ ကြားရပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ အတိအကျ မသိကြောင်း သူက ပြောပါတယ်။ ဒါပေမဲ့ ပြည်သူတွေ မဲပေးကြဖို့ လှုံ့ဆော်တဲ့အတွက် ကောင်းသော လုပ်ရပ်အဖြစ် ရှုမြင်ကြိုဆိုတယ်လို့ သူက ပြောပါတယ်။
တဖက်မှာလည်း မဲပေးပုံမဲပေးနည်းနဲ့ ပတ်သက်လို့ ပြည်သူတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ပညာပေး လှုပ်ရှားတာတွေ အလွန်နည်းတဲ့အတွက် မဲတွေ မှန်မှန်ကန်ကန် မရနိုင်မှာကို အထူးစိုးရိမ်မိတယ်လို့ ဒေါက်တာမြတ်ဉာဏစိုးက ဆိုပါတယ်။
မဲပေးရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ခံတွေက ထင်ကြေးအမျိုးမျိုးပေးနေရာမှာ တချို့က စစ်အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်း ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် လူငယ်တွေလည်း ဖြစ်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။