နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ပြောင်းခံရ

ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ရခိုင်ပြည်နယ်တွင်းက အခြား အကျဉ်းထောင်အသီးသီးကို ဖေဖော်ဝါရီ ၄ ရက် ဒီကနေ့ ခွဲပြီး ပို့လိုက်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

2011.02.04
prisoners_photos_board_305_z.jpg မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
၈၈ မျိုးဆက် ကျောင်းသား စမ်းချောင်း ကိုကိုကြီး ခေါ် ကိုသိန်းသန်းထွန်းနဲ့ ကိုမောင်မောင်လတ်ကို မောင်းတောထောင်၊ သတင်းထောက်တဦး ဖြစ်တဲ့ ရွှေသံစဉ် ကိုဝင်းမော်ကို ကျောက်ဖြူထောင်၊ ၈၈ ကျောင်းသား ကိုဇော်မင်း ခေါ် ဘောင်းဘောင်နဲ့ ကိုဇေယျာဦးကို စစ်တွေထောင် အသီးသီး ပြောင်းရွှေ့လိုက်ကြောင်း စမ်းချောင်း ကိုကိုကြီးရဲ့ ဇနီးဖြစ်သူ မမြင့်မြင့်သောင်းက RFAကို ပြောပါတယ်။

“ကျွန်မက ကိုကိုကြီး ဇနီးပါ။ ကိုဝင်းမော် အမျိုးသမီးက ထောင်ဝင်စာ သွားတွေ့နေပါတယ်။ သူလှမ်းပြောလို့ပါ။ ကိုကိုကြီးနဲ့ မောင်မောင်လတ်ကို ဘူးသီးတောင်တဲ့၊ ဇော်မင်းနဲ့ ဇေယျာဦးကို စစ်တွေတဲ့၊ ကိုဝင်းမော်ကိုတော့ ကျောက်ဖြူလို့ အဲလိုမျိုး လှမ်းပြောလို့ပါ။ ဘာကြောင့် ပြောင်းရတယ်ဆိုတာတော့၊ ကျွန်မ မသိသေးဘူး။ သူတို့ လာမှပဲ သေသေချာချာ သိမှာပေါ့နော်။”

“အခုလို ကျန်းမာရေး မကောင်းပဲနဲ့ ဟိုး ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို ပို့လိုက်တယ်ဆိုတော့ ကျွန်မတို့ကတော့ မိသားစုအနေနဲ့ စိတ်ပူတာပေါ့နော်။”

မိသားစုဝင်တွေအနေနဲ့ ကျန်းမာရေးကို အထူးစိုးရိမ်တဲ့အတွက် မိသားဝင်တွေနဲ့ နီးတဲ့ထောင်ကို ပြောင်းရွှေ့ပေးတာမျိုးသာ ဖြစ်စေချင်တယ်လို့ မမြင့်မြင့်သောင်းက ပြောပါတယ်။

“ကျွန်မက ဒီဇင်ဘာ လကုန်ပိုင်းက ကျွန်မ သွားတွေ့တယ်။ သူ့ရဲ့ ကျန်းမာရေးက သူ့မှာ သွေးတိုး နည်းနည်း ရှိတယ်၊ ဇက်ကျီးပေါင်းရှိတယ်၊ ဂရင်ဂျီနာ ဖြစ်နေတယ်၊ အဲဒီ ဂရင်ဂျီနာက ဟို ဆေးခန်းပြနေရတာပေါ့နော်၊ အခုလို ကျန်းမာရေးမကောင်း ဖြစ်နေတဲ့အချိန်မှာ ဒီထက် ဝေးတဲ့ နေရာတွေ ပို့လိုက်တော့ ကျွန်မတော့ အရမ်းစိတ်ပူတာပေါ့နော်။ ဆေးခန်းပြလို့ ရတဲ့နေရာဆို တော်သေးတာပေါ့။ အခုဟာက ဆေးခန်းပြ မရတဲ့ နေရာတွေ ရောက်သွားပြီဆိုတော့ အရမ်းစိတ်ပူတာပေါ့။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၂၀၀ နီးပါး ရှိနေဆဲပဲလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။