နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာ ပိတ်ပင်ခံရမှု များလာ
2011.02.08

ဒီကိစ္စနဲ့ ပတ်သက်လို့ AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က RFA ကို အခုလိုပြောပါတယ်။
“အခု လောလောဆယ် အင်းစိန်ထောင်မှာလည်း ပြဿနာတွေ တချို့ တက်နေတာ ရှိတယ်။ ဥပမာ ကိုစည်သူဇေယျပေါ့နော်၊ ဓာတ်ပုံ ရိုက်လို့ အဖမ်းခံရတယ်၊ သူလည်း ဟိုတလောက ပြဿနာတွေ တက်ပြီးတော့ ၇ ရက် ၈ ရက်လောက် နေ့စဉ် အရိုက်ခံရတာတွေ ရှိတယ်။ ပြီးတော့ ထောင်ဝင်စာတွေ့ခွင့်လည်း အပိတ်ခံထားရတာ ရှိတယ်။”
“နောက် အဲလိုမျိုးပဲ ဒီ ပြဿနာ မတက်ပဲနဲ့ ထောင်ဝင်စာ အပိတ်ခံရတဲ့ သူတွေလည်း ရှိတယ်။ ဥပမာ ကိုဇာဂနာဆိုရင် ပြဿနာ ဖြစ်တာမဟုတ်ဖူး၊ ဒါပေမဲ့ မိသားစု အရင်းမဟုတ်လို့ မတွေ့ရဘူး ဆိုတဲ့ ဟာမျိုးတွေ ရှိတယ်။”
“ဒါတွေဟာ နအဖကနေပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒုက္ခမရောက်ရောက်အောင် လုပ်နေတဲ့ ပုံစံမျိုးတွေ ရှိတယ်။ ဒီ နိုင်ငံတကာမှာကျတော့ သူတို့က အကျဉ်းသားတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေပါတယ်လို့ မျက်နှာပြောင်တိုက်ပြီး ရှင်းနေတာမျိုးတွေ ရှိတယ်။”
“ဒါကြောင့်မို့ ကျွန်တော်တို့က နိုင်ငံတကာကိုလည်း လက်တွေ့ အခြေအနေမှာတော့ ဒါတွေ ဖြစ်နေပါတယ်လို့ ပိုပြီးတော့ သိလာအောင် ဆက်အသိပေးနေတာ ဖြစ်ပါတယ်။”
အခုလို ထောင်ဝင်စာ ပိတ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ X2O သြင်္ကန်ရေကစားမဏ္ဍပ် ရှေ့က ဗုံးကွဲမှုနဲ့ စွပ်စွဲခံရပြီး အဖမ်းခံထားရတဲ့ ကိုဖြိုးဝေအောင်လည်း ပါနေပါတယ်။ သူ့ကို မနေ့ကစပြီး ထောင်ဝင်စာ ပိတ်ထားတာလို့ မိသားစုဝင်တွေဆီက တဆင့် သိရပါတယ်။
စစ်အစိုးရဟာ နိုင်ငံရေးလှုပ်ရှားသူ ၂၀၀၀ ကျော်ကို ဖမ်းဆီး ထောင်ချထားပါတယ်။ အဲဒီထဲမှာ ၁၅၄ ဦးက လတ်တလော ကျန်းမာရေး ချို့တဲ့နေပြီး ဆေးကုသခွင့် ကောင်းကောင်းမွန်မွန် မရဘူးလို့ AAPP က ပြောပါတယ်။
တဆက်တည်းမှာလည်း ပြီးခဲ့တဲ့ သြင်္ကန်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်း X2O ရေကစား မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင်မှာ တိုက်ပိတ်ခံနေရ တဲ့အတွက် မိသားစုက တွေ့ခွင့်ရဖို့ အာဏာပိုင်တွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် ကိုမိုးကျော်က သတင်း ပေးပို့ထားပါတယ်။
![]() |
သတင်းပေးပို့ချက် |
![]() |
အသံဖိုင်ယူရန် |