နိုင်ငံရေးအကျဉ်းသားများ ရက်ပိုင်းအတွင်း ပြန်လွတ်လာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောဆို
2011.10.09

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နော်ဝေးနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Espen Berth Eide က နေပြည်တော်ကို လာရောက်တွေ့ဆုံစဉ်မှာ အဲသလို ပြောဆိုခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတဲ့ ကိစ္စဟာ မကြာခင်ရက်ပိုင်းအတွင်း ဖြစ်ပါလိမ့်မယ်လို့ စကားပြန်ကတဆင့် ဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး အလားအလာနဲ့ ပတ်သက်ပြီး နော်ဝေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက မေးမြန်းရာမှာ ဦးရွှေမန်းက ရှိနိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာနိုင်ကြောင်း၊ အဲဒီလို ပေါ်လာရင်လည်း မိမိတို့ဘက်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာဖြစ်ကြောင်း ပြန်လည်ဖြေဆိုပါတယ်။
နော်ဝေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း တွေ့ဆုံခဲ့ပုံကို နော်ဝေး ရုပ်မြင်သံကြားဌာနတခု ဖြစ်တဲ့ NRK က ထုတ်လွှင့်ခဲ့ပါတယ်။
နော်ဝေး ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ မနေ့က နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။