စစ်သုံ့ပန်း ၄၁ ဦးကို လွှတ်ပေးလိုက်ကြောင်း MNDAA ထုတ်ပြန်

RFA Burmese
2024.05.13
စစ်သုံ့ပန်း ၄၁ ဦးကို လွှတ်ပေးလိုက်ကြောင်း MNDAA ထုတ်ပြန် ကိုးကန့်တပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်သူများအား ၂၀၂၄ ခုနှစ် မေလ ၁၂ ရက်နေ့က ထုတ်ပြန်ထားစဉ်။
The Kokang

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲက ၄၁ ဦးကို မေလ ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) သတင်းပြန်ကြားရေးဌာနက မေလ ၁၂ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ကျန်းမာရေးမကောင်းသူတွေနဲ့ အသက်ကြီးသူတွေကို လူသားချင်းစာနာထောက်ထားမှုအရ လွှတ်ပေးလိုက်တာလို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။

အဲဒီ စစ်သုံ့ပန်းတွေကို မူပန်ခရိုင်လို့ ကိုးကန့်တပ်ဖွဲ့က ခေါ်ဆိုတဲ့ သိန္နီမြို့နယ်အတွင်းက စစ်ဆင်ရေးတွေမှာ ဖမ်းဆီးရမိခဲ့တာလို့ MNDAA ရဲ့ တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ ပြန်လွတ်လာသူတွေထဲမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ ပါဝင်တာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ MNDAA သတင်းပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းက သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း စတဲ့ မြို့တွေကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။