မတူပီမှာ စစ်သုံ့ပန်း နှစ်ရာကျော် ဖမ်းမိထားကြောင်း CDF ပြော

RFA Burmese
2024.07.28
မတူပီမှာ စစ်သုံ့ပန်း နှစ်ရာကျော် ဖမ်းမိထားကြောင်း CDF ပြော ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးကြသည့် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်များအား ဖမ်းဆီးရမိကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) မတူပီ တပ်မဟာ-၁ မှ ထုတ်ပြန်ထားစဉ်။
Facebook/ Chinland Defense Force Matupi - Brigade 1

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင် စုစုပေါင်း နှစ်ရာကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) မတူပီ တပ်မဟာ-၁ ရဲ့ ပြောခွင့်ရသူက RFA ကို ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်သားနဲ့ တပ်မိသားစုဝင် ၁၂၀ ခန့်ကို ပထမအကြိမ် ဖမ်းမိခဲ့ပြီး ဇူလိုင် ၂၅ ရက်နေ့မှာ နောက်ထပ် လူရှစ်ဆယ်ကျော်ကို မတူပီမြို့နဲ့ မင်းတပ်မြို့အစပ်မှာ ထပ်မံဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းမိတဲ့အထဲမှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးအဆင့်အထိ ပါဝင်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ CDF-မတူပီ တပ်မဟာ (၁) ရဲ့ ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

“သူတို့တောထဲမှာထွက်ပြေးတော့ အစာငတ်ကြတယ်။ ပြီးတော့ ခြေထောက်တွေမှာ အနာဖြစ်တယ်။ အဲဒါတွေ ဆေးကုပေးနေရတယ်။ စစ်သုံ့ပန်းအဖြစ် နှစ်ရာကျော်လောက်ဖမ်းထားတယ်။ တောထဲမှာ သေတာလည်းရှိတယ်။ ဗျူဟာမှူးလည်းပါတယ်။ ကျွန်တော်တို့ နောက်ပိုင်းမှာ အချက်အလက်အပြည့်အစုံနဲ့ သတင်းထုတ်ပြန်ပါမယ်”

မတူပီမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်သားနဲ့ တပ်မိသားစုဝင်တွေ ထွက်ပြေးတိမ်းရှောင်နေရင်း ရထားတဲ့ဒဏ်ရာတွေကို မကုသနိုင်တာ၊ အစာရေစာ ပြတ်လပ်တာနဲ့ ဖျားနာတာတွေကြောင့် လူငါးဆယ်ခန့် သေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မတူပီမြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ အာရက္ခတပ်တော် (AA)၊ ယောတပ်မတော် (Yaw Army) နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ ပူးပေါင်းပြီး ဇွန်လ ၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။