ရန်ကုန်မြို့ ၄၄ လမ်းမှာ အဖမ်းခံရသူနှစ်ဦး ပြင်ပဆေးရုံမှာ ဆေးကုသခွင့်မရ
2024.04.02

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၄ လမ်းဖြစ်စဉ်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက်နဲ့ ကိုမင်းသစ္စာမောင် တို့နှစ်ဦး ထောင်ပြင်ပက ဆေးရုံတွေမှာ ကုသဖို့လိုအပ်နေပေမဲ့ ထောင်အာဏာပိုင်တွေက ကုသခွင့်မပေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
သူတို့က ပြင်ပမှာ ဆေးဝါးကုသခွင့်တောင်းပေမဲ့ ထောင်အာဏာပိုင်တွေက ပယ်ချခဲ့တယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"သူတို့နှစ်ဦးက အဖမ်းခံရတာကလည်း ၂၀၂၁ ခုနှစ်ကတည်းက။ အဲဒီတုန်းက စစ်ဆေးရုံက အရေးပေါ်ကုသပေးလိုက်ပေမဲ့ ပြင်ပဆေးရုံတွေလို စနစ်တကျကုသပေးတာ မရှိဘူး။ အခုလက်ရှိအခြေအနေမှာ မျက်မြင်တွေအရ ပုပ်မှာကို စိုးရိမ်တာပေါ့နော်၊ ဆရာဝန်မဟုတ်လို့ ဘာဖြစ်နိုင်တယ်ဆိုတာ မပြောနိုင်ပေမဲ့ အောက်ပိုင်းကတော့ တော်တော်လေး စိုးရိမ်ရတယ်၊ ပြင်ပဆေးရုံတွေမှာ ကုသခွင့်ပေးဖို့တောင်းပေမဲ့ ထောင်အာဏာပိုင်တွေက ဒီလူတွေက ၄၄ လမ်းဖြစ်စဉ်က ဖမ်းခံရတဲ့သူတွေ ဖြစ်တဲ့အတွက် အန္တရာယ်ရှိတယ်ဆိုပြီး ဆေးဝါးကုသခွင့်ကို ပယ်ချခံရတယ်"
ကိုဝေယံထက်ဟာ တိုက်ပေါ်ကနေ ခုန်ချချိန်က ခြေထောက်အောက်ပိုင်းထိခိုက်ခဲ့တဲ့အတွက် ဝှီးချဲ (ဘီးတပ်ကုလားထိုင်)နဲ့သွားလာနေရသလို လက်ရှိမှာ ခြေထောက်နှစ်ဖက်စလုံးကျိုးပြီး ခန္ဓာကိုယ်အောက်ပိုင်းခြေချောင်းတွေ လှုပ်မရသလို ပေါင်အရိုးဟာလည်း ကြေမွသွားခဲ့ပြီး စတီးချောင်းတွေနဲ့ မူလီကြပ်ထားရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကိုဝေယံထက်ဟာ အင်းစိန်အကျဉ်းထောင်က ထောင်ဆေးရုံမှာ နေခွင့်ရပေမဲ့ လိုအပ်တဲ့ဆေးဝါးစောင့်ရှောက်မှုမရတာကြောင့် အပြင်ဆေးရုံတွေကို ပို့ဆောင်ကုသဖို့ လိုအပ်နေတယ်လို့လည်း ရေးသားထားပါတယ်။
ကိုမင်းသစ္စာမောင်ဟာလည်း တိုက်ပေါ်က ခုန်ချချိန်က ရရှိခဲ့တဲ့ ခြေထောက်နဲ့ ခါးတစ်ဝိုက်က ဒဏ်ရာတွေ မသက်သာသေးဘူးလို့ ဆိုပါတယ်။ သူကို အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကိုပြောင်းရွှေ့ခဲ့ပြီးနောက် ထောင်ဆေးရုံမှာ နေထိုင်ဆေးကုသခွင့် မရသေးလို့လည်း ဆိုပါတယ်။
သူတို့နှစ်ဦးအပါအဝင် အခြားအရေးပေါ်ဆေးကုသဖို့ လိုအပ်နေသူတွေကို ထောင်ပြင်ဆေးရုံတွေမှာ အမြန်ဆုံး ဆေးကုသခွင့်ပေးဖို့ အင်းစိန်နဲ့ သာယာဝတီထောင်တွေက ထောင်အာဏာပိုင်တွေကို PPNM က တောင်းဆိုထားပါတယ်။
ဒီထုတ်ပြန်တောင်းဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၄ လမ်း၊ တိုက်အမှတ် (၃၈) က အိမ်ခန်းတစ်ခန်းကို အင်အား ၃၀ လောက်ရှိတဲ့ စစ်သား၊ ကွန်မန်ဒိုနဲ့ အရပ်ဝတ်တွေက လမ်းကို ပိတ်ဆို့ပြီး ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန်က တိုက်ပေါ်ကနေ ခုန်ချလို့ ထိခိုက်ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့တဲ့ ကိုရဲမင်းဦး၊ ကိုမင်းသစ္စာအောင်နဲ့ ကိုဝေယံထက် တို့အပြင် ဆက်စပ်ဖမ်းမိခဲ့တဲ့ ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်၊ မပိုးကျော့ကျော့ခန့်တို့ကို ၂၀၂၂ ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်းစိန်ထောင်တရားရုံးကနေ ထောင် ၁၂ နှစ်စီ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
မဝေဝေမြင့် (ခ) မပန်းသီး နဲ့ ကိုဝေဇော်ဖြိုးတို့ဟာ တိုက်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။
စစ်တပ်ပိုင် မြဝတီသတင်းရုပ်မြင်သံကြားရဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၁ ရက်၊ ညပိုင်းသတင်းမှာတော့ တိုက်ပေါ်က ခုန်ချသူငါးဦးမှာ နှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် လက်လုပ်ဗုံး၊ ယမ်းပျော့၊ ဗျောက်အိုးအပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေလည်း ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အကျဉ်းထောင်တွေမှာ ဆေးဝါးကုသခွင့် လုံလောက်စွာမရလို့ ၂၀၂၄ ခုနှစ် ပထမသုံးလအတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။