နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်လွတ်မြောက်လာ

သမ္မတဦးသိန်းစိန်ရဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်အရ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ပါဝင်တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) က သတင်းထုတ်ပြန်ပါတယ်။

2011.10.12
prisoner-amnesty လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများကို ရန်ကုန် အင်းစိန် အကျဉ်းထောင်ရှေ့တွင် ကြိုဆိုကြနေသူများ မြင်ကွင်းဖြစ်ပါသည်။
nld youth

RFA က သီးခြား စုံစမ်းချက်အရ အင်းစိန်အကျဉ်းထောင်က အမျိုးသား ၅၆၄ ဦး၊ အမျိုးသမီး ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက် ခွဲပြီး လွှတ်ပေးမယ်လို့ ကနဦး သတင်းများ ရရှိခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ပါဝင်တယ် လို့သိရပါတယ်။

စစ်ကိုင်းတိုင်း ခန္တီးထောင်ကနေ လယ်သမားအခွင့်ရေး ဆောင်ရွက်သူ မစုစုနွေး လွတ်မြောက် လာတယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူတွေထဲက ကိုသန်းထွန်းဇင်၊ ကိုကိုကြီး (စမ်းချောင်း) နှင့် အခြား တစ်ဦး စုစုပေါင်း သုံးဦး ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင်က ဆိုပါတယ်။

ရှမ်းပြည်နယ် ကျိုင်းတုံထောင်က လွတ်မြောက်သူတွေထဲမှာ ဂျာနယ်မန်နေဂျာ ဦးစိန်ဝင်းမောင်၊ ဦးသုတဉာဏ (ဦးသန်းဇော် - ရွှေပြည်သာ)၊ ဦးအိန္ဒြယ (ငွေကြာရံစာသင်တိုက် - ဦးအောင်သူငြိမ်း)၊ ဦးစိုးမင်းဦးတို့ ဖြစ်ကြပါတယ်။

တောင်ကြီးထောင်က လွတ်မြောက်လာတဲ့ အကျဉ်းသား ၂၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား တဦးသာ လွတ်မြောက်ကြောင်း သိရပါတယ်။ လွတ်မြောက်လာသူကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်ခင်ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၊ ဗကသ အဖွဲ့ဝင် ကိုကျော်ကိုကိုတို့ ပါဝင်ခြင်း မရှိဘူးလို့ သွားရောက်စုံစမ်းခဲ့တဲ့ ကိုကျော်ကိုကို၏ ဖခင်က ပြောပါတယ်။

လားရှိုးအကျဉ်းထောင်က အကျဉ်းသား ၉၂ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီး၊ လက်ရှိ အချိန်အထိ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၄ ဦးသာ လွတ်မြောက်မည့် စာရင်းထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ စာရင်းထဲပါဝင်လာသူတွေကတော့ ဦးစိန္တိမာ၊ ဦးအောင်ဇော်ဦး (NLD)၊ ဦးအုန်းကျော် (NLD)၊ တင်တင်ချို (NLD) ဖြစ်တယ်လို့ သိရပါတယ်။

တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦးနှင့် စစ်ထောက်လှမ်းရေးတချို့ လွတ်မြောက်မည်လို့ သတင်းရရှိပါတယ်။ ၁၉၈၉ ခုနှစ် သန်လျင် ရေနံချက်စက်ရုံ ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရတဲ့ ကိုညီညီဦး၊ ပုဒ်မ ၅ နဲ့ ထောင် ဒဏ် ၂၄ နှစ်ကျခံနေရတဲ့ စောမြင့်နိုင်နဲ့ ဦးအေးရွှေ၊ ထောင်ဒဏ် ၁၇ နှစ်ကျခံနေရတဲ့ ကိုဇော်ရဲဝင်း၊ ကိုအောင်သန့်ဇင်ဦး၊ ကိုအောင်ဇေဖြိုး တို့ ပါဝင်ကြောင်းနဲ့ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးကျော်ကျော်ထွန်းလည်း လွတ်မြောက်တယ် သိရပါတယ်။

သာယာဝတီ အကျဉ်းထောင်က အကျဉ်းသား ၆၅ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီး ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ ၂၉ ဦး ပါဝင်ပါတယ်။ အဲဒီအထဲမှာ အရှင် နန္ဒဝံသ၊ အရှင် တေဇိန္ဒ၊ ကိုကြည်လွင်၊ ကိုစိုးမြင့်၊ ကိုစိုးလှိုင်၊ မဇန်ဇန်၊ ကိုကျော်မျိုးဝင်း၊ ဦးညွန့်မောင်၊ ကိုလှဝင်း၊ မငယ်၊ ကိုမောင်ဇော်တို့ ပါဝင်တယ်လို့ သိရပါတယ်။

မန္တလေးထောင်ကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား (၄၀၈) ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား (၄၅)နဲ့ တပ်မတော် ထောက်လှမ်းရေး အကျဉ်းသား (၁)ဦး ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။ မစိုးရိမ် ကျောင်းတိုက်မှ သံဃာ ၈ ပါးနှင့် ဦးလှစိုး၊ ဦးကျော်ညွန့်တို့ပါဝင်ပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုလှမျိုးနောင် ပါဝင်ခြင်းမရှိ သေးဘူးလို့ သိရပါတယ်။

သရက်ထောင်ကနေ အကျဉ်းသား ၉၃ ဦးလွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား ၁၆ ဦး ပါဝင် တယ်လို့ သိရပါတယ်။ ဒီအထဲမှာ ILO အမှုနဲ့ ထောင်ကျခဲ့တဲ့ ကိုဇော်ဌေးပါတယ်လို့ သိရပါတယ်။

ကလေးထောင်က နိုင်ငံရေးအကျဉ်းသား ၈ ဦးလွတ်လာတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းလွင် (သံလက်သီးနဲ့ အထိုးခံရလို့ မျက်လုံတစ်ဘက်ကွယ်) ကယားပြည်နယ် လွိုင်ကော်ထောင်ကနေ ဒီကနေ့ လွတ်လာပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူထောင်က အောင်ကိုကိုလွင် (ဦးဂန္ဘီရ ညီ)၊ ပြည်ထောင်က ဖြိုးကျော်ကျော် လွတ်လာတယ်လို့ သိရပါတယ်။

မြောင်းမြထောင်က ၄ ဦးလွတ်လာရာမှာ ဦးဇော်ထူး (မောင်မောင်ထူး)၊ ဦးအောင်သန်းထွန်း၊ ဦးအဂ္ဂဓမ္မ နဲ့ ကိုရဲမင်းနိုင် (တောင်ငူ)တို့ ဖြစ်ပါတယ်။

မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦးလွတ်လာရာမှာ GW အဖွဲ့က ကိုသီဟဝင်းတင်၊ ဗိုလ်မှူးဟောင်းမြင့်ဦး၊ ကိုနန်းဝေ၊ ကိုအောင်ကျော်မိုး ခေါ် ကိုမိုးထက်နေ၊ ကိုအောင်သိုက်စိုးခေါ် ကိုမင်းသိုက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ပူတာအိုထောင်က ကိုဘိုဘိုဝင်းလှိုင်၊ မထက်ထက်ဦးဝေ၊ မမြမြသိမ့်တို့ လွတ်လာ တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-12 19:37

ငါသာအသုံးမကျရင် နေပါစေ...ငါနိုင်ငံမှာ...နိုင်ငံရေး သမားများ လွတ်မြောက်လာတယ့်အတွက်..ငါဂုဏ်ယူပါတယ်