အချုပ်ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရ၊ အချုပ်သားနှစ်ဦး လွတ်မြောက်
မန္တလေးတိုင်း ကျောက်ဆည် ရဲစခန်းကနေ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကို သွားတဲ့ အချုပ်ကားတစ်စီးကို စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက်ပိုင်းက လမ်းခုလတ်မှာပဲ ကြားဖြတ် တိုက်ခိုက်ခံရတာကြောင့် အချုပ်သားနှစ်ဦး လွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲကားယာဉ်တန်းနဲ့ လာတဲ့အချိန် အမရပူရမြို့နယ် မြစ်ငယ်တံတားအနီးမှာ ပစ်ခတ်မှုဖြစ် သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ငယ်မြို့က ဒေသခံတစ်ဦးက ပြောပါ တယ်။
“ခါတိုင်းလည်း သွားနေကျပဲ ဒီနေ့မှ ဖြစ်သွားတာ။ ရုတ်တရက်ဆိုတော့ ဘာဖြစ်တာလဲ မသိလိုက်ကြဘူး။ နောက်မှ သိရတာ။ အချုပ်ကားပစ်ခံရပြီး အချုပ်သားတချို့ လွတ် သွားတယ်။ ရဲတချို့လည်း သေတယ်။ အခုကတော့ တစ်မြို့လုံး မထွက်ရဲကြဘူး”
အချုပ်ကားပေါ်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပါတယ်ဆိုတဲ့ သတင်းရရှိခဲ့တဲ့အတွက် မဟာမိတ် ပြောက်ကျားအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီကို ခုခံ တိုက်ခိုက်နေတဲ့ PDF အဖွဲ့တစ်ခုဖြစ်တဲ့ အမရပူရ အခြေစိုက် Truth Kepping Force – Amarapura အဖွဲ့က ဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်မှာ ရဲနှစ်ဦး သေဆုံးပြီး အချုပ်သား နှစ်ဦး လွတ်မြောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဒီနေ့မှာ မန္တလေးမြို့ကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေတဲ့ အတွက် လုံခြုံရေးတွေ တင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။