လွိုင်ကော်ထောင်က အကျဥ်းသားတွေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲမပါ

RFA Burmese
2024.01.05
လွိုင်ကော်ထောင်က အကျဥ်းသားတွေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲမပါ လွိုင်ကော်အကျဉ်းထောင်အား ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ်။
Kantarawaddy Times

စစ်ကောင်စီက အကျဥ်းသား ကိုးထောင်ကျော်ကို လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်ပေးခဲ့ပေမယ့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် လွိုင်ကော်အကျဥ်းထောင်က အကျဥ်းသားတွေ တစ်ဦးတစ်ယောက်မှ ပြန်လွတ်လာတာ မရှိဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေနဲ့ လွိုင်ကော်ဒေသခံတွေက ဇန်နဝါရီလ ၅ ရက်နေ့မှာ RFA ကိုပြောပါတယ်။

အရင်က လွတ်ငြိမ်း သက်သာခွင့်တွေထဲမှာ လွိုင်ကော်ထောင်က အကျဥ်းသားတွေ လွတ်မြောက်လာလေ့ ရှိပေမယ့် ဒီတစ်ခေါက်မှာတော့ နိုင်ငံရေး အကျဥ်းသားနဲ့ ရာဇဝတ် အကျဥ်းသားတွေပါ လွတ်မြောက်လာတာ မရှိဘူးလို့ လွိုင်ကော်အကျဥ်းထောင်အကြောင်း စောင့်ကြည့်နေတဲ့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

အကျဥ်းထောင်နေရာဟာ တိုက်ပွဲဧရိယာထဲမှာ ရှိနေတာကြောင့် လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း မိသားစုဝင်တွေ အကျဥ်းထောင်ရှေ့မှာ သွားရောက် စောင့်မျှော်တာမရှိဘူးလို့ လွိုင်ကော်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“တစ်မြို့လုံးနီးပါးလည်း ပြေးနေရတာဆိုတော့ လာမျှော်တဲ့လူလည်း မရှိဘူး။ စစ်ဇုန်ထဲ ရောက်နေတာ ဆိုတော့ ထောင်အနားကို ဘယ်သူမှလည်း ကပ်လို့ မရဘူး။ ထွက်လာတဲ့လူလည်း မရှိဘူး။ အကယ်လို့ သူတို့ ထွက်လာခဲ့ရင်တောင်မှ သွားရေး၊ လာရေး ခက်ခဲလိမ့်မယ်။ ထောင်နားတစ်ဝိုက်မှာ တိုက်ပွဲတွေက အပြင်းအထန် ဖြစ်နေတော့”

နှစ်ဖက်တိုက်ပွဲတွေ အချိန်ကြာလာတာနဲ့အမျှ အကျဥ်းထောင်ထဲမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ ပြတ်လပ်နေပြီး နိုင်ငံရေး အကျဥ်းသားတွေ အပါအဝင် စုစုပေါင်း အကျဥ်းသား ငါးရာကျော် ပိတ်မိနေတယ်လို့ ကရင်နီ နိုင်ငံရေး အကျဥ်းသားများ အစည်းအရုံးက ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုသူ မရှိပါဘူး။

လွိုင်ကော်မြို့က တိုက်ပွဲတွေအတွင်း အကျဥ်းထောင်ကိုလည်း စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား အပြည့်နဲ့ ခံတပ်သဖွယ် နေရာယူထားတယ်လို့ ဒေသခံတွေနဲ့ ကရင်နီ ပူးပေါင်းတပ်တွေဘက်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။