စစ်ရေယာဉ်ပေါ် နှိပ်စက်ပြီး ထောင်ချခံရသူငါးဦး ပြန်လွတ်

RFA Burmese
2023.02.21
စစ်ရေယာဉ်ပေါ် နှိပ်စက်ပြီး ထောင်ချခံရသူငါးဦး ပြန်လွတ် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ကျောက်ဆိပ်ရွာသားများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ်။
Wai Hun Aung

ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ရေယာဉ်ပေါ်မှာ နှိပ်စက်ခံရ ပြီး အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ်သုံးနှစ် ချခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့က ဒေသခံငါးဦးဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ လွတ်ရက်စေ့နဲ့ လွတ်မြောက် လာတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ကျောက်ဆိပ်ရွာသား ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ပုဏ္ဏားကျွန်းမြို့ပေါ် အလယ်စုရပ်ကွက်က ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးရွာက ကိုကျော်ဝင်းဟိန်းတို့ ဟာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာမှာ အဖမ်းခံခဲ့ရတာပါ။

သူတို့အားလုံးဟာ မတရား ထောင်ဒဏ်ချမှတ်ခံခဲ့ရတာလို့ ကိုညီညီအောင်ရဲ့မိခင် ဒေါ်နီနီက RFA ကို ပြောပါတယ်။

“သူတို့အားလုံး ဒီနေ့မနက်ကပဲ လွတ်မြောက်လာပါပြီ။ အခုတော့ ရွာကိုရောက်နေပြီ။ သူတို့က မတရားအဖမ်းခံခဲ့ရတာ”

အဖမ်းခံခဲ့ရချိန်က သူတို့ကို စစ်သားတွေ ရိုက်နှက်ထိုးကြိတ်ပြီး ညှဉ်းပန်းနှိပ်စက်နေတဲ့ ရုပ်သံဖိုင်တစ်ခု ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့မှာ လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီနောက် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) နဲ့ အားလုံးကို တရားစွဲဆိုခဲ့တာပါ။

စစ်တွေခရိုင်တရားရုံးမှာ အချိန်နှစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။