နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ
2012.01.13

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရလည်း လွတ်မြောက်လာပါပြီ။ ဒါ့အပြင် စစ်ထောက်လှမ်းရေးအကြီးအကဲ တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လည်း လွတ်မြောက်လာပါတယ်။
ကိုမင်းကိုနိုင်က… ထောင်ထဲမှာ အနှစ် ၂ဝ နေခဲ့ရသူတစ်ယောက် အနေနဲ့ အကျဉ်းထောင်ထဲကို နောက်တစ်ကြိမ် ပြန်လည်သွားလိုခြင်း မရှိတဲ့အကြောင်း၊ ဒါပေမယ့် ပြည်သူတွေ အကျိုးအတွက်ဆိုရင် နောက်ထပ် အနှစ် ၂ဝ ထပ်မံ အကျဉ်းကျခံဖို့ အဆင်သင့် ရှိနေပါတယ်လို့ သရက်ထောင်က ထွက်လာပြီး အောင်လံမြို့ အရောက်မှာ ပြောဆိုလိုက်ပါတယ်။
ကိုကိုကြီးကလည်း… အကျဉ်းထောင်တွေထဲက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်တွေနဲ့ တိုင်ပင်ပြီး ရှေ့ဆက်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက… သူအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာ ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဦးတည်နေတယ်လို့ ယူဆကြောင်း ပြောပါတယ်။
ဒီကနေ့ လွတ်လာတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကတော့ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးမှုတွေကို ကြိုဆိုကြောင်း၊ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို အာရုံစိုက် ကူညီနေတာဟာ ကောင်းမွန်တဲ့လက္ခဏာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း သူကတော့ မြန်မာ့ နိုင်ငံရေးမှာ ပါဝင်တော့မှာ မဟုတ်ကြောင်း ပြောပါတယ်။
မနေ့က ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆၅၁ ဦး လွှတ်ပေးမယ်လို့ ဆိုပေမယ့် ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက် အတိအကျကို မသိရသေးပါဘူး။ လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်အရ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အကျဉ်းကျနေသူ အများအပြား အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။