မတူပီက စစ်သုံ့ပန်းတစ်ရာကျော်ကို ချင်းညီနောင်အဖွဲ့တွေ ထိန်းသိမ်းထား

RFA Burmese
2024.07.22
မတူပီက စစ်သုံ့ပန်းတစ်ရာကျော်ကို ချင်းညီနောင်အဖွဲ့တွေ ထိန်းသိမ်းထား ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားအချို့၏ ကလေးအချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Screenshot: Chinland Defense Force Matupi - Brigade 1 - Facebook Video

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင် စုစုပေါင်း လူ ၁၂၀ ခန့်ကို စစ်သုံ့ပန်းအဖြစ် ချင်းညီနောင်တပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ CDF - မတူပီ တပ်မဟာ (၁) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာ၀န်ခံ ဆလိုင်းဘွေအုပ်က RFA ကို ဇူလိုင်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။

အဲဒီအထဲမှာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်သားနဲ့ ရဲ ငါးဆယ်ခန့်၊ တပ်မိသားစုဝင် ကလေးသုံးဆယ်နဲ့ လူကြီးလေးဆယ်ခန့် ပါဝင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြားက ခေါ်ထုတ်ခဲ့သူတွေနဲ့ တောထဲကို ထွက်ပြေးသွားကြတဲ့ မိသားစုဝင်တွေလည်း ပါဝင်ပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ ဆလိုင်းဘွေအုပ်က ပြောပါတယ်။

“စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အတော်များများကတော့ တိုက်ပွဲထဲက ခေါ်ထုတ်ခဲ့တာပါ။ တချို့ကတော့ ဆယ်ရက်၊ ၁၅ ရက် ခရီးသွားပြီးတော့မှ တောနက်ကြီးထဲကနေ ပြန်ခေါ်ထုတ်လာတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကလေးသုံးဆယ် ပါပါတယ်။ မိဘတွေနဲ့ ပါလာတဲ့ ကလေးတွေရှိသလို မိဘတွေနဲ့ ကွဲသွားတဲ့ ကလေးတွေလည်း ပါတယ်။ တောထဲမှာ အစားအသောက်တွေ ငတ်ထားတော့ အခု ကျွန်တော်တို့က ကောင်းကောင်းကျွေးတယ်၊ ကောင်းကောင်းပြုစုထားပါတယ်”

စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားတဲ့ တပ်မိသားစုတွေဟာ တောထဲမှာ အချိန်သုံးပတ်ခန့် အစားအသောက် ပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အာဟာရပြတ်လပ်တာ၊ ခြေထောက်တွေမှာ ဒဏ်ရာရတာတွေလည်းရှိပြီး ဆေးကုသမှု လုပ်ပေးနေတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မတူပီမြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ အာရက္ခတပ်တော် (AA)၊ ယောတပ်မတော် (Yaw Army) နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ ပူးပေါင်းပြီး ဇွန်လ ၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။